ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းခဲ့ရတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ကျပ်ဘီလျံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ တစ်ရပ် ထူထောင်ခဲ့ပါတယ်။
အဓိကကတော့ လယ်ယာ စီးပွားမြှင့်တင်ရေးနဲ့ ပြည်နယ်နဲ့တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ စီးပွားရေးမြှင့်တင်ရေးဆိုပြီး နှစ်မျိုးခွဲ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်ခဲ့တာလို့ နစက,က ဆိုပါတယ်။
သြဂုတ် ၁၂ ရက်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ရန်ပုံငွေ လွှဲအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလျံ ၄၀၀ ထဲကနေ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို ဘီလျံ ၁၇၀၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဘီလျံ ၆၀၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ပြည်နယ် တစ်ခုအတွက် ၁၀ ဘီလျံစီ၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ပြည်နယ်နဲ့တိုင်းတစ်ခုအတွက် ကျပ်ရှစ်ဘီလျံစီ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ကို ဒေသတစ်ခုအတွက် ငါးဘီလျံစီ လွှဲအပ်ပေးခဲ့တာဖြစ်တဲ့အတွက် စုစုပေါင်း ဘီလျံ ၃၃၀ ကို လွှဲအပ်ပေး ခဲ့တာပါ။
“ဒီနေ့ ပြုလုပ်တဲ့ နိုင်ငံစီးပွား မြှင့်တင်မှုကဏ္ဍမှာ စိုက်ပျိုးရေးကို အဓိကထားအခြေခံလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဘီလျံ ၄၀၀ ထဲက ကျန်တဲ့ငွေတွေကို တခြားလုပ်ငန်းတွေမှာ အသုံးပြုနိုင်ရေးဆွေးနွေးတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။ လိုအပ်ချက်ရှိတဲ့ ဒေသတွေအနေနဲ့ကလည်း သီးခြားအစီအစဉ်နဲ့ လိုအပ်ပါက တင်ပြနိုင်ပါတယ်။ တချို့ လုပ်ငန်းတွေက မြစိမ်းရောင် စီမံကိန်းနဲ့ ဆောင်ရွက်ရနိုင်ပြီး ဒေသတွင်းမှာ ဒီငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မတည်ပေးခြင်းလည်း ဖြစ်ပါတယ်”လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၂ ရက်ကျင်းပတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မကြာမီကာလမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန် ပုံငွေကိုလည်း ထပ်မံထူထောင်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။
■ နစကဥက္ကဋ္ဌနဲ့ MSME လုပ်ငန်းရှင်များ တွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ စက်တင်ဘာလကစလို့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ စက်တင် ဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၂၈ ရက်အထိ နှစ်လတာကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ ပြည်နယ်ရှစ်ခုဆီ သွားရောက်ပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
နစကဥက္ကဋ္ဌအနေနဲ့ နှစ်လအတွင်း နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတွေမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ဧရာ ဝတီတိုင်းက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့တော့ နစကဥက္ကဋ္ဌက တွေ့ဆုံခြင်းမရှိသေးပါဘူး။
■ နစကဥက္ကဋ္ဌ ဘာပြောလဲ
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နေပြည် တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီးက အသေးစား၊ အငယ်စား နဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဘာတွေပြောခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေတာဟာ တိုင်းပြည်စီးပွားရေး မြှင့်တင်ဖို့၊ ပြည်ပသွင်းကုန်တွေ အစားထိုးနိုင်ဖို့နဲ့ ပြည်ပကို ပြည်တွင်းထုတ်ကုန်တွေ တင်ပို့နိုင်ဖို့ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ဆိုပါတယ်။
နောက်ပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့လုပ်ငန်းတွေ ဖြစ်တာကြောင့် လိုအပ်တဲ့ငွေကြေးကို နိုင်ငံတော်ကနေ ထုတ်ချေးပေးသွားမယ်လို့ သူက ပြောပါတယ်။
ဒါကြောင့်လည်း ကျန်ရှိတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထဲကနေ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေအတွက် မတည်ငွေ လွှဲအပ်နိုင်ရေးဆောင်ရွက်နေပြီး အဲဒီရင်းနှီးမတည်ငွေတွေကို သက် သာတဲ့အတိုးနှုန်းနဲ့ ထုတ်ချေးနိုင်ဖို့ စီမံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတော်ကနေ ထုတ်ချေးပေးထားတဲ့ ကိုဗစ်ချေးငွေတွေနဲ့ပတ်သက်လို့ ပြန်ဆပ်ဖို့ကာလကိုလည်း သက်တမ်းတိုးပေးသွားမယ်လို့ သူက ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ MSME လုပ်ငန်းရှင်တွေအနေနဲ့ ချေးယူထားတဲ့ ချေးငွေတွေကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်ကို ပြန်လည်ပေးသွင်းဖို့လိုအပ်တယ်လို့ သူကဆိုပါတယ်။
နစကအနေနဲ့ တိုင်းပြည်သာ ယာဝပြောရေးနဲ့ စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်နေတာကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေတွေကို ထုတ်ချေး ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားခဲ့ပါတယ်။
MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးကိုလည်း နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေပြီး ပုဂ္ဂလိကတွေအနေနဲ့လည်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်စေလိုပြီး နိုင်ငံတော်ကလည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို အကောင်အထည်ဖော်နေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မီးပျက်တာများပြီး မီးပေးမှုကပုံမှန်မရှိတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းများ အတွက် မြေနေရာလိုအပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကနေ မြေနေရာတွေ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေနဲ့ စိုက်ပျိုးမြေလျော့ကျမှုမရှိစေဖို့အတွက် လယ်ယာမြေတွေအပေါ်မှာ တခြားနည်းသုံးစွဲတာတွေကို ခွင့်ပြုပေးဖို့ မရှိကြောင်းနဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ မြေတွေကိုသာ တခြားနည်းနဲ့ စိစစ်ပြီး အသုံးပြုခွင့် ပေးတာဖြစ်တယ်လို့ သူကဆိုပါတယ်။
MSME လုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရောင်းဝယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ တခြားလုပ်ငန်းကဏ္ဍဆိုပြီး လေးမျိုးရှိပေမဲ့ နစကအနေနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို အဓိကအားပေးတယ်လို့ သူက ရှင်းပြပါတယ်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို လုံလုံလောက်လောက် ဆောင်ရွက်နိုင်ပါက ကုန်စျေးနှုန်း ကြီးမြင့်မှုကို လျှော့ချနိုင်သလို ပြည်ပတင်ပို့ခြင်းကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သူကမျှော်မှန်းထားပါတယ်။
ဒီအချက်တွေကတော့ နစက ဥက္ကဋ္ဌအနေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက အသေးစား၊ အငယ်စား နဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ြှနြ နဲ့ပတ်သက်လို့ အဓိက ပြော ကြားခဲ့တဲ့အချက်တွေလည်း ဖြစ်ပါ တယ်။
■ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဝန်ကြီးဌာန အများစုအပါအဝင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းတို့မှ တာဝန်ရှိသူတွေနဲ့ ကျစ်လျစ်စွာ ဖွဲ့စည်းထားတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်က ကျင်းပတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်း အဝေးမှာ နစက ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။
ဒီလုပ်ငန်းကော်မတီဟာ MSME ဗဟိုကော်မတီက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ MSME လုပ်ငန်းလုပ်ကိုင်သူတွေ ကြားမှာ ပေါင်းကူးသဖွယ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်တွေရဲ့လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်တဲ့ အကြံဉာဏ် နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်း စတာတွေကို အချိန်နဲ့ တစ်ပြေးညီ စီမံဆောင်ရွက်ပေးရတာပါ။
နစကအနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပတ်သက်ပြီး e-ID စနစ်ကနေ e-Government အထိ သွားဖို့ ဆောင်ရွက်နေပြီး ဒီစနစ်တွေ ပြီးစီးပါက MSME လုပ်ငန်းတွေရဲ့ စျေးကွက်သုတေသနလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆောင်ရွက်ရတဲ့လုပ်ငန်း၊ ထုတ်လုပ်မှုအပိုင်း၊ စျေးကွက်မြှင့်တင်ရေးနဲ့ ရှာဖွေရေးအပိုင်း၊ ကုန်သွယ်ငွေလွှဲမှုအပိုင်းတွေဟာ အစိုးရရဲ့ e-Government စနစ်မှာ အလိုအလျောက် ပါဝင်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီး MSME အေဂျင်စီ ဖွဲ့စည်းပြီးပါက မှတ်ပုံတင်ထားခြင်း မရှိတဲ့ MSME လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ အွန်လိုင်းကနေ မှတ်ပုံတင်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
MSME လုပ်ငန်းရှင်တွေ အနေနဲ့လည်း မိမိတို့ လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ မှတ်ပုံတင်ထားမှသာ နိုင်ငံတော်က ပံ့ပိုးပေးမယ့် ငွေကြေးအရင်းအနှီးနဲ့ အခွန်အခ သက်သာခွင့် အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမယ်လို့ သူက ဆိုပါတယ်။
နစကဥက္ကဋ္ဌရဲ့ MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်တွေမှာ လုပ်ငန်းရှင်တွေက တင်ပြခဲ့တဲ့ ကဏ္ဍခုနစ်ခုက ၉၅ ချက်ကိုလည်း တစ်ချက်ချင်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားပါတယ်။
■ MSME ပြန်လည်မြှင့်တင်ရေး စိတ်ကူး
မြန်မာနိုင်ငံမှာ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကနေ SME Member ထုတ်ပေးထားတဲ့ လုပ်ငန်းပေါင်း ၄၀၉၂၉ ခုရှိပါတယ်။
ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေအနက် အသေးစားနဲ့ အလတ်စားလုပ်ငန်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကလည်း ၄၅၀၀၀ ကျော်ရှိတဲ့အပြင် တခြားဝန်ကြီးဌာန ၁၃ ခုက ဦးစီးဌာနတွေမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း ၂၅၃၀၀၀ ကျော်ရှိတယ်လို့ သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းဟာ MSME လုပ်ငန်းတွေ ဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေးအတွက် အဓိက မောင်းနှင်အားလည်း ဖြစ်နေပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မြန်မာ့စီးပွားရေးဟာ အကျဘက်ကို ရောက်ခဲ့ရပါတယ်။
နစက လက်ထက် နှစ်နှစ်နီးပါး ရှိလာချိန်မှာတော့ နိုင်ငံ့စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ဖို့ဆိုပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ကျပ်ဘီလျံ ၄၀၀ ကို သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ပါတယ်။ အဲဒီရန်ပုံငွေထဲကနေ လယ်ယာစီးပွား မြှင့်တင်ရေးနဲ့ ပြည်နယ်နဲ့တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ စီးပွားရေးမြှင့်တင်ရေးဆိုပြီး နှစ်မျိုး ခွဲမြှင့်တင်ဆောင်ရွက်နိုင်ဖို့ဆိုပြီး ဘီလျံ ၃၃၀ ကို လွှဲအပ်ခဲ့ပြီး ဖြစ်ပါတယ်။
ကျန်တဲ့ ရန်ပုံငွေထဲကနေ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးဖို့ ဆောင်ရွက်နေတယ်လို့ နစက,က ဆိုထားပါတယ်။
နစကဥက္ကဋ္ဌကိုယ်တိုင်ကလည်း စက်တင်ဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၂၈ ရက်အထိ နှစ်လအတွင်း နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ် ရှစ်ခုက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံ့စီးပွားကို ပြန်လည်မြှင့်တင်ဖို့ ပြောကြားခဲ့တာတွေ ရှိပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံ့စီးပွားရေးက အကျဘက်မှာပဲ ရှိနေပြီး နာလန်ထူတဲ့ အခြေအနေကို မရောက်သေးဘူးလို့ နိုင်ငံတကာ စစ်တမ်းတွေက သုံးသပ်ထားပါတယ်။ ဒီလိုအခြေအနေမှာ နစကရဲ့ နိုင်ငံ့စီပွားရေး ပြန်လည်မြှင့်တင်မယ့်စိတ်ကူး တကယ့်လက်တွေ့မှာ ဖြစ်လာနိုင်မလားဆိုတာကို အားလုံးက စိတ်ဝင်တစား ဆက်လက်စောင့် ကြည့်နေကြပါတယ်။
ဒီလိုအခြေအနေမှာပဲ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမျိုးစုံ ကြားကနေ ကြိုးပမ်းဆောင်ရွက်ရာမှာ ထိုက်သင့်တဲ့ တိုးတက်မှုတွေရှိလာပြီလို့ နိုဝင်ဘာ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။










