Thai Fight ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ ပြိုင်ဘက်အာဂျင်တီးနားနိုင်ငံသူ ဒန်နီရယ်လာကို အမှတ်ဖြင့် အနိုင်ယူ

Thai Fight ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ ပြိုင်ဘက်အာဂျင်တီးနားနိုင်ငံသူ ဒန်နီရယ်လာကို အမှတ်ဖြင့် အနိုင်ယူ
Photo: Thai Fight
Photo: Thai Fight
Published 21 November 2022

Thai Fight King Of Muay Thai  ပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ(၂၀) ရက်က ထိုင်းနိုင်ငံ ဟွာဟင်းမြို့ရှိ True Arena Sport Club တွင် ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာနိုင်ငံမှ ရိုးရာလက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် အာဂျင်တီးနားနိုင်ငံသူ ဒန်နီရယ်လာကို အမှတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ပထမအချီ စတင်ချိန်ကတည်းက ဘရော်နီကာမှာ ဘယ်ညာတွဲလုံးထိုးချက်များ၊ တံတောင်ရိုက်ချက်များဖြင့် ပြိုင်ဘက်ဒန်နီရယ်လာကို အတင်းဝင် ဖိအားပေးထိုးသတ်ခဲ့သည်။

ထို့ကြောင့် ဒန်နီရယ်လာမှာ နှာခေါင်းတွင် သွေးယိုစီးထွက် ဒဏ်ရာရခဲ့ပြီး ကြိုးဝိုင်းဒိုင်မှာ ဆရာဝန်ပြသစေခဲ့ရသည်။

ပြန်တည်ချိန်တွင်လည်း ဘရော်နီကာ၏ အတင်းတိုးဝင် ဖိအားပေးထိုးသတ်မှုများကြောင့် ဒန်နီရယ်လာမှာ အကာအဆုတ်ဖြင့်သာ ခုခံခဲ့ရပြီး ကြိုးဝိုင်းဒိုင်က ဆရာဝန်နှစ်ကြိမ် ထပ်မံပြသခိုင်းခဲ့ရသည်။

ပထမအချီတွင်ပင် လက်ရည်ကွာဟမှုကြောင့် ကြိုးဝိုင်းဒိုင်က ဒန်နီရယ်လာကို ဆရာဝန် (၃)ကြိမ်ပြသခိုင်းကာ ဆေးရှုံးဖြင့် ဘရော်နီကာကို အနိုင်သတ်မှတ်ပေးစေလိုသည့် အရိပ်အယောင်များ တွေ့ရသော်လည်း ဆရာဝန်ကမူ ဆက်လက်ထိုးသတ်စေခဲ့သည်။

ဒုတိယအချီတွင် ဘရော်နီကာမှာ ပွဲဖြတ်ရန်အတွက် ခြေအမြင့်ကန်ချက်များပါ တွဲသုံးလာခဲ့ပြီး ဘယ်ဖြောင့်လက်သီးကြောင့် ဒန်နီရယ်လာ အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

တတိယအချီတွင်လည်း ဘရော်နီကာ၏ ထိုးချက် ကန်ချက်များကို ဒန်နီရယ်လာက အသဲမာမာဖြင့် အလဲထိုးမခံဘဲ ထိန်းကစားသွားနိုင်ခဲ့သည်။

သို့သော် (၃) ချီစလုံးတွင် ဘရော်နီကာက သိသိသာသာ လက်ရည်သာလွန်နေသောကြောင့် ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် Thai Fight ပြိုင်ပွဲ (၇)ပွဲ မြောက်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး (၇)ပွဲစလုံးအနိုင်ရထားသည်။

ဘရော်နီကာသည် ယခုပွဲမတိုင်မီ Thai Fight (၆) ပွဲထိုးသတ်ထားရာ (၅)ပွဲကို အလဲထိုးဖြင့် အနိုင်ရထားပြီး (၁)ပွဲကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ဘရော်နီကာသည် Thai Fight စတင်ထိုးသတ်သည့် ပထမဆုံး(၂)ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်များကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး တတိယပွဲတွင် အီရန်နိုင်ငံသူ ဆာနက်ဇ်ကို အလဲထိုးဖြင့် ထပ်မံအနိုင်ရခဲ့သည်။

စတုတ္ထပွဲတွင် အမေရိကန်သူ အိန်ဂျယ်လာချန်ကို အမှတ်ဖြင့်အနိုင်ရခဲ့ပြီး (၅)ပွဲမြောက်တွင် ထိုင်းနိုင်ငံသူ မွေထိုင်းအားကစားမယ် ပလိုင်ဖ၊ (၆)ပွဲမြောက်တွင် ဘရာဇီးလ်နိုင်ငံသူ မာရီယာနာတို့ကို အလဲထိုးဖြင့် အနိုင်ရထားသည်။

ဘရော်နီကာသည် Thai Fight တွင် ရှုံးပွဲမရှိသေးဘဲ (၇)ပွဲဆက် အနိုင်ရထားခြင်းဖြစ်သည်။

ဘရော်နီကာသည် လက်ရှိတွင် အသက်(၂၆) နှစ်သာရှိသေးသောကြောင့် အလားအလာကောင်းများစွာ ရှိနေကြောင်း သိရသည်။

Most Read

Most Recent