ဆေးခြောက်သည် ဆေးရွက်ကြီးထက် အဆုတ်ကို ပိုမိုထိခိုက်စေဖွယ်ရှိဟု လေ့လာတွေ့ရှိ

ဆေးခြောက်သည် ဆေးရွက်ကြီးထက် အဆုတ်ကို ပိုမိုထိခိုက်စေဖွယ်ရှိဟု လေ့လာတွေ့ရှိ
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဆေးခြောက်တရားဝင်ဖြစ်မှု ပါတီအတွင်းအမျိုးသမီးတစ်ဦး ဆေးခြောက်သောက်သုံးနေစဉ် (Photo – AFP)
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဆေးခြောက်တရားဝင်ဖြစ်မှု ပါတီအတွင်းအမျိုးသမီးတစ်ဦး ဆေးခြောက်သောက်သုံးနေစဉ် (Photo – AFP)
Published 16 November 2022
Ref : AFP 

ဆေးခြောက်သည် ဆေးရွက်ကြီးထက် သောက်သုံးသူ၏ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းများကို ပိုမိုထိခိုက်စေဖွယ်ရှိဟု ကနေဒါ သုတေသနလေ့လာတွေ့ရှိချက်တစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

အော့တာဝါတက္ကသိုလ်နှင့် အော့တာဝါဆေးရုံမှ သုတေသီများက ၂၀၀၅ ခုနှစ်မှ ၂၀၂ဝခုနှစ်ကြား ဆေးခြောက်သောက်သုံးသူ ၅၆ ဦး၊ ဆေးလိပ်မသောက်သုံးသူ ၅၇ ဦးနှင့် ဆေးရွက်ကြီးသာ သောက်သုံးသူ ၃၃ ဦးတို့၏  ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကူးကြည့်ခဲ့သည်။

ပုံမှန်ဆေးခြောက်သောက်သုံးသူများသည် ဆေးရွက်ကြီးသာ သောက်သုံးသူများနှင့် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုနှုန်းနှင့် နာတာရှည်အဆုတ်ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်။

“ဆေးခြောက်သောက်သုံးမှုဟာ မြင့်တက်နေပြီး ဆေးခြောက်ဟာ ဘေးကင်းတယ် ဒါမှမဟုတ် ဆေးရွက်ကြီး သောက်တာထက် ပိုပြီး ဘေးကင်းတယ်လို့ လူတွေက နားလည်ထားကြပါတယ်”ဟု သုတေသနပြုလုပ်သည့် အော့တာဝါဆေးရုံမှ ရေဒီယိုရောင်ခြည်အမျိုးမျိုးတို့ဖြင့် ရောဂါကုသမှုပညာရှင် ဂျီဆယ်လီ ရီဗာက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒီသုတေသနအရတော့ ဒီယူဆချက်ဟာ အမှန်မဟုတ်နိုင်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ပိုပြီး မြင့်တက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ဆေးခြောက်သောက်သုံးသူများနှင့် ဆေးရွက်ကြီး သောက်သုံးသူများအကြား ရောင်ရမ်းနိုင်ခြေနှင့် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနှုန်းသည် ၎င်းတို့အား ပုံမှန်သုံးစွဲ ပုံကွာခြားမှုနှင့်လည်း ဆက်နွှယ်မှုရှိနိုင်သည် ဟု ၎င်းက ပြောကြားခဲ့သည်။

“ဆေးခြောက်သောက်သုံးသူတွေက အစီခံအသုံးပြုတာမျိုးမရှိဘဲ ဆေးရွက်ကြီး(ဆေးလိပ်)သောက်သုံးသူတွေကတေ့ာအများအားဖြင့် အစီခံပါတဲ့ ဆေးလိပ်တွေကို သောက်သုံးလေ့ရှိပါတယ်။သင့်အနေနဲ့ အစီခံမပါတဲ့ဆေးခြောက်ကို သောက်သုံးတဲ့အခါ သင်တို့ရဲ့အသက်ရှူလမ်းကြောင်းထဲကို အမှုန်တွေတိုက်ရိုက်ဝင်လာပြီး အဲဒီနေရာမှာ စုပုံလာကာ သင်တို့ရဲ့ အသက်ရှူလမ်းကြောင်းကို ယားယံလာစေမှာဖြစ်ပါတယ်”ဟု ရီဗာကဆိုသည်။

“လူတွေက အမြဲတမ်း ဆေးခြောက်ကို အားနဲ့ ရှူသွင်းလိုက်ပြီး သူတို့ရဲ့အဆုတ်ထဲမှာ မီးခိုးတွေကို ကြာကြာထိန်းထားလိုက်တာဟာ အဲဒီအသက်ရှူလမ်းကြောင်းကိုပိုပြီးထိခိုက်စေနိုင်ဖွယ်ရှိပါတယ်”ဟု ရီဗာက ထပ်မံပြောကြားခဲ့သည်။

ယင်းဖြစ်နိုင်ခြေ ရှင်းလင်းချက်များကို ထုတ်ပြန်ထားသော်လည်း Radiology ဂျာနယ်တွင် ဖော်ပြထားသော ယင်းသုတေသန တွေ့ရှိချက်၌ သုတေသီများက အချို့ဆေးခြောက်သောက်သုံးသူများသည် ဆေးရွက် ကြီး(ဆေးလိပ်)ကိုလည်း သောက်သုံးကြလေ့ ရှိသည်ဟု ထောက်ပြထားပြီး အချို့အဆုတ် များကို စကန်ဖတ်ရာ၌ တိကျသောရလဒ်များ မရရှိသောကြောင့် နောက်ထပ်သုတေသန လေ့လာမှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ် သည်ဟုလည်း ပြောကြားခဲ့သည်။

နိုင်ငံအများစုတွင် တားမြစ်ထားသော ဆေးခြောက်နှင့်ပတ်သက်၍ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အနည်းငယ်သာ သုတေသနလုပ်ဆောင်ရသေးသည်ဟုရီဗာက မှတ်ချက်ပြုပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် ၂၀၁၈ ခုနှစ်ကဆေးခြောက်ကို ဆေးဘက်ဆိုင်ရာတွင် အသုံးပြုရန် တရားဝင် ခွင့်ပြုပေးခဲ့သည်။

ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့် ပေးထားသော နိုင်ငံများတွင် ဥရုဂွေးနှင့်မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်ပြည်နယ်အများအပြားလည်းပါဝင်ကာ အခြားနိုင်ငံ အများအပြားနှင့် နယ်မြေများတွင် မကြာသေးမီက  ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် အတည်ပြုမှု သို့မဟုတ် ဆေးခြောက်ပိုင်ဆိုင်မှုအတွက် တရားဝင်ဖြစ်မှုကို ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

Most Read

Most Recent