ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်အား နှစ်ကရင်ကျေးရွာ အထွက်လမ်း သချႋုင်း အနီးတွင် ထိုးသွင်း ဒဏ်ရာများဖြင့် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့

ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်အား နှစ်ကရင်ကျေးရွာ အထွက်လမ်း သချႋုင်း အနီးတွင် ထိုးသွင်း ဒဏ်ရာများဖြင့် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့
Published 7 November 2022

ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ နိုဝင်ဘာလ (၅) ရက်က ပျောက်ဆုံးနေသည့် မိန်းကလေးငယ်အား နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းအချိန်က နှစ်ကရင်ကျေးရွာမှ သံဖြူဇရပ် - ရေးကားလမ်းဘက်အထွက်လမ်း သချႋုင်းအနီးတွင် ထိုးသွင်းဒဏ်ရာများဖြင့် အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဖြစ်စဉ်မှာ နှစ်ကရင်ကျေးရွာတွင် နေထိုင်သည့် မဖူးပွင့်ကဗျာ  အသက် ၁၆ နှစ် ထံ သံဖြူဇရပ်မြို့နေ မင်းချမ်းမွန် (ခ) အာရုံဦး နှင့် ဇနီးဖြစ်သူ မပြည့်ဖြိုးဝေ တို့ နိုဝင်ဘာ ၅ ရက်က အလည်လာကြကြောင်း၊ မွန်းလွဲ နှစ် နာရီခန့်တွင် မင်းချမ်းမွန်တို့လင်မယားပြန်သည့်အခါတွင် မဖူးပွင့်ကဗျာမှ သံဖြူဇရပ် - ရေးကားလမ်း အဝသို့ပို့ဆောင်ပေးရန် ဆိုင်ကယ်အား (၃) ယောက်စီးနင်းပြီး နေအိမ်မှ ထွက်သွားခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲ့ဒါနဲ့ ကောင်မလေးက အိမ်ပြန်မလာတော့ မိသားစုတွေက စိတ်ပူပြီးဖုန်းဆက်တော့ ကောင်မလေးမှာက ဖုန်းမပါသွားဘူး။ ဟိုလင်မယားနှစ်ယောက်ကို ဖုန်းဆက်တော့လည်း ဖုန်းတွေကပိတ်ထားတယ်။ ရွာထိပ်မှာ စုံစမ်းကြည့်တော့ ဆိုင်ကယ်နဲ့ (၃) ယောက် ထွက်သွားတာကိုမြင်လိုက်ကြတယ်ဆိုတော့၊ အဲ့ဒါနဲ့လိုက်ရှာကြတာ မနေ့ (နိုဝင်ဘာလ (၆) ရက်) မွန်းလွဲ (၂) နာရီလောက်မှာ ရွာအထွက်လမ်း ဆင်နှစ်ကောင်ကွေ့မရောက်ခင် ရော်ဘာခြံတွေဘက်သွားတဲ့လမ်း သချႋုင်းအနီးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့လဲနေတာကို ခြံသမားတစ်ယောက်တွေ့သွားတာ ဟု ပြောကြားသည်။

မင်းချမ်းမွန် (ခ) အာရုံဦး နှင့် ဇနီးဖြစ်သူ မပြည့်ဖြိုးဝေ တို့နှစ်ဦးမှာ မဖူးပွင့်ကဗျာဝတ်ဆင်ထားည့် လက်ဝတ်လက်စားများနှင့် Wave – I 125 အမျိုးအစား (ဖြူ/နီ အရောင်) မော်တော်ဆိုင်ကယ်အား ယူဆောင်သွားသည်ဟု သိရကြောင်း ၎င်းဒေသခံက ၏ ပြောကြားချက်အရ သိရသည်။

ထိုးသွင်းဒဏ်ရာများဖြင့် လဲနေသည့် မဖူးပွင့်ကဗျာအား အခင်းဖြစ်ပွားရာအနီးရှိ ဘုန်းတော်ကြီးကျောင်းမှ မော်တော်ယာဉ်ဖြင့် နီးစပ်ရာဆေးခန်းသို့လိုက်လံပို့ဆောင်ပေး ဆေးကုသမှုခံယူစေခဲ့ကြောင်း နှင့် ထိုမှ ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မဖူးပွင့်ကဗျာ မှာက ထိုးသွင်းဒဏ်ရာ (၅) ချက်ရထားတယ်လို့ ဆရာဝန်တွေရဲ့ ပြောကြားချက်တွေအရ သိရတယ်။ အဲ့ဒီမှာမှ နှစ်ချက်ကတော့ နက်တယ်ပေါ့။ ကျန် (၃) ချက်က သိပ်မနက်ဘူး။ အခုအသက်အန္တရာယ်လည်း မစိုးရိမ်ရတော့ဘူးလို့ သိရတယ်။ ညီမလေး အမြန်ဆုံးကျန်းမာပါစေလို့လည်း ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ် ဟု ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှလည်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဘိုဘိုမြင့်

Photo Credit - ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်း (မော့ကနင်)