မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေအင်ဒုံကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်တွင် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီခွဲခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ အမျိးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ပရဟိတအရေးပေါ်လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
“မနက် (၅) နာရီခွဲလောက်မှာ ရွှေအင်ဒုံကျေးရွာ ရန်ကုန် - မော်လမြိုင် ကားလမ်းကုန်းတက်မှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ကားက မော်လမြိုင်ဘက်ကနေ ရန်ကုန်မြို့ကိုသွားမယ့်ကားလို့ သိရတယ်။ အခင်းဖြစ်တဲ့နေရာအနီးမှာ လမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကို ရှောင်ရင်းနဲ့ တစ်ဖက်က တွဲကားရဲ့ဘေးကိုဝင်တိုက်မိတာလို့သိရတယ်။ ကားပေါ်ပါလာတဲ့ အမျိးသမီးကတော့ ဦးခေါင်းဒဏ်ရာနဲ့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ကွယ်လွန်သွားပြီးလို့ သိရတယ်။ ယာဉ်မောင်းအမျိးသားကလည်း ထိခိုက်ဒဏ်ရာတွေရရှိထားပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ဘီးလင်းမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဘီးလင်းမြို့နယ် ရွှေအင်ဒုံကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းကုန်းတက်နေရာ၌ ယမန်နေ့ (နိုဝင်ဘာလ (၄) ရက်) ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သစ်ပင်တစ်ပင်မှာ ကားလမ်းပေါ်သို့လဲကျနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“မနေ့ညပိုင်းက အဲ့ဒီ ရွှေအင်ဒုံကုန်းတင်နေရာမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ သစ်ပင်တစ်ပင်က လမ်းမပေါ်ကိုလဲကျနေတယ်လို့သိရတယ်။ ယာဉ်တိုက်မှုမှာက ကားလေးက အဲဒီလဲကျနေတဲ့အပင်ကိုရှောင်ရင်းနဲ့တစ်ဖက်ကလာတဲ့ တွဲကားဘေးကိုသွားတိုက်မိတာလို့တော့ ပြောကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်ကလည်း အဆိုပါ ဘီးလင်းမြို့နယ် ရွှေအင်ဒုံကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း ကုန်းတက်အနီးတွင် ထော်လာဂျီယာဉ် နှင့် ဆလွန်းယာဉ် တို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့သေးကြောင်း၊ ယာဉ်တိုက်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။