အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် အောက်တိုဘာ ၂၇ ရက်က မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေး ကျင်းပစဉ်
မြန်မာ့အရေး အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်း အဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးရုံးချုပ်မှာ အောက်တိုဘာ ၂၇ ရက်က ကျင်းပ ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီမှာ အာဆီယံခေါင်းဆောင်တွေအကြား သဘောတူခဲ့တဲ့ ဘုံဘဘော တူညီချက်ငါးရပ် အကောင်အထည်ဖော်မှုမှာ ဖြစ်ပေါ်တိုးတက်မှု ရှိ မရှိနဲ့ စိန်ခေါ်မှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးဟာ နိုဝင်ဘာမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်ပုံဖော်သွားမလဲဆိုတာနဲ့ပတ်သက်လို့ အကြံပြုချက်တွေ တင်ပြဆွေးနွေးဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာလည်း ဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမတိုင်မီ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်ခဲ့တာလည်း ဖြစ် ပါတယ်။
“မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အလွန်ကြီးမားတဲ့ အတိဒုက္ခတွေနဲ့ သေကျေဒဏ်ရာရမှုတွေ တိုးလာတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်မိပါတယ်”လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီအခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်စဲဖို့နဲ့ သက်ဆိုင်သူအားလုံး အပြန်အလှန်စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်သွားဖို့ကိုလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
လတ်တလော အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ဆိုရာမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအကျဉ်းထောင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ၊ ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ရည်ညွှန်းပြီး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံဝန်ကြီးများ အရေးပေါ်အစည်းအဝေးတက်ဖို့ု မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားခဲ့ပေမဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကတော့ တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
■ အစည်းအဝေးမှာ ဘာတွေ သဘောတူခဲ့သလဲ
အောက်တိုဘာ ၂၇ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးတွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ကြပါတယ်။
“အာဆီယံဟာ စိတ်မပျက်သင့်ဘူး ဆိုပေမဲ့လည်း ငြိမ်းချမ်းတဲ့ အဖြေတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် မြန်မာနိုင်ငံကို အကူအညီပေးဖို့ ပိုလို့တောင် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်”လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း က အရေးပေါ်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အာဆီယံ အထွေထွေအတွင်းရေးမှူးရုံးချုပ်မှာ အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်မလဲဆိုပြီး မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေက စောင်ကြည့်ခဲ့ကြပေမဲ့ ထူးထူးခြားခြား ဆုံးဖြတ်ချက်ချတာမျိုး မရှိခဲ့ပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဖြေရှာရေးမှာ အာဆီယံအဖွဲ့ကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်က အရေးကြီးတယ်ဆိုတဲ့ အချက်ကို သက်ဆိုင်ရာဒေသတွင်း နိုင်ငံတွေက ထပ်လောင်းအခိုင်အမာသဘောတူကြကြောင်း မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးပွဲအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာ့အရေးဟာ အ ရေးကြီးပြီး အထိအခိုက်မခံတဲ့ အနေအထားမှာဆက်ရှိနေပြီး ဒါတွေကို မဖြေရှင်းနိုင်တာက အာဆီယံနဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်တို့ကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေတဲ့ ပဋိပက္ခတွေက ရှုပ်ထွေးခက်ခဲလွန်းနေတဲ့အတွက် ဖြေရှင်းရခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာလို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လာမယ့် နိုဝင်ဘာ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ အကြိုကျင်းပတဲ့အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ရေးအတွက် သန္နိဋ္ဌာန်ခိုင်ခိုင်မာမာ ချမှတ်ဆောင် ရွက်နိုင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောတူတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
■ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်က ဘာတွေလဲ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါ တယ်။
အထူးအစည်းအဝေးကို အာဆီယံဒေသတွင်း ခေါင်းဆောင်များနဲ့အတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာက အာဆီယံဌာနချုပ်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။
ဒီအချက်ငါးချက်ကတော့ (၁) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့၊ (၂) သက်ဆိုင်သူတွေအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ကြားဝင်ညှိနှိုင်းပေးဖို့၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ကူညီပေးရေးဌာနမှတစ်ဆင့် မြန် မာနိုင်ငံကို လူသားချင်းစာနာမှု အ ကူအညီတွေပေးဖို့နဲ့ (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်း စုံနဲ့ တွေ့ဆုံဖို့ စတဲ့အချက်တွေပဲ ဖြစ် ပါတယ်။
ဒီလို ဘုံသဘောတူညီချက် ငါးချက်ကို ရရှိရာမှာ အချိန် တစ်နှစ်နဲ့ ခြောက်လကျော် ကြာလာပေမဲ့လည်း ဘာတစ်ခုမှ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် အာဆီယံရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။
အာဆီယံရဲ့ မူငါးချက်ကအလုပ် မဖြစ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း ဒီမူတွေကို အာဆီယံက ဆက်လက်ဆုပ်ကိုင်ထားတဲ့အပေါ် အမေရိကန်နိုင်ငံ အပါအဝင် အနောက်ဒီမိုကရေစီနိုင်ငံတွေအပြင် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကလည်း ထောက်ခံခဲ့ကြပါတယ်။
■ မြန်မာဘက်က တုံ့ပြန်မှု
အာဆီယံန ိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ ကိုးနိုင်ငံနဲ့သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းဟာ အာဆီယံပဋိညာဉ်နဲ့အညီ အဖွဲ့ဝင်နိုင်ငံအား လုံးရဲ့တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်တာကြောင့် မြန်မာနိုင်ငံက လိုက်ပါဆောင်ရွက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့တာဟာလည်း အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် (၅) ပါ အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေးမူနဲ့ သွေဖည်နေတာကြောင့် မြန်မာနိုင်ငံက ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဆီယံပဋိညာဉ်စာတမ်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီတူ ကိုယ်စားပြုရေးမူရှိပြီး ဒီလိုခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေအပေါ် လက်ခံနိုင်ခြင်း မရှိဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
တစ်ချိန်တည်းမှာ အာဆီယံရဲ့ တာဝန်သိ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေနဲ့တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှုကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံတူညီဆန္ဒ ငါးချက်ထဲက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ခွဲခြားမှုမရှိဘဲ မျှတစွာ ရရှိရေးနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အ လေးထားဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက်က ဆိုပါတယ်။
အာဆီယံတူညီဆန္ဒငါးချက်ကို အကောင်အထည်ဖော်ရာမှာ အချိန် အကန့်အသတ်နဲ့ ဖိအားပေး အကျပ် ကိုင်တဲ့ ချဉ်းကပ်မှုမျိုးဟာ အကျိုးမရှိ နိုင်တဲ့အပြင် ဆိုးကျိုးတွေကို သက်ရောက် ဦးတည်သွားစေနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဆီယံဟာ စည်းမျဉ်းကို အခြေခံတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက် နာဖို့လိုပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လည်း လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
■ အာဆီယံ ဘယ်လိုဆုံးဖြတ်မလဲ
အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးဟာ နိုဝင်ဘာမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
အာဆီယံဟာ မြန်မာ့အရေးကို အာဆီယံ တူညီဆန္ဒ ငါးချက်ကို ဆက်လက်ဆုပ်ကိုင်ထားပေမဲ့ ဘယ်လိုလုပ်ငန်းစဉ်တွေနဲ့ သွားမယ်ဆိုတာ ထုတ်ဖော်ကြေညာထားတာ မရှိသလို ဘယ်အချိန်အထိ လုပ်ဆောင်သွားမယ်ဆိုတာမျိုးကိုလည်း သတ်မှတ်ထားတာ မရှိပါဘူး။
ဒီကြားထဲ အာဆီယံ ထိပ်သီး အစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောတူထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားခဲ့ပေမဲ့ နစက ဘက်ကတော့ အဲဒီကိုယ်စားလှယ်ကို စေလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လည်း အာဆီယံနဲ့ မြန်မာနိုင်ငံ အကြားမှာ သဘောထားကွဲလွဲမှုတွေ က အနည်းငယ်ပြင်းထန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်တဲ့ ကြေညာချက်မှာဆိုရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ ကိုးနိုင်ငံနဲ့သာ ဆွေးနွေးသဘောတူညီခဲ့ တာဟာ အာဆီယံပဋိညာဉ်စာတမ်းပါမူအရ မကိုက်ညီတာကြောင့် မြန်မာက လိုက်ပါဆောင်ရွက်မှာ မဟုတ်ဘူးဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်မှု ကို တွေ့ရပါတယ်။ ဒီကြေညာချက်အရ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ တူညီဆန္ဒငါးချက်ကို အကောင်အထည်ဖော်ရာမှာ ဘယ်လောက်အထိ နှောင့်နှေးသွားမလဲဆိုတာ မသိနိုင်ပါဘူး။
နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက တူညီဆန္ဒ ငါးချက်ကို အကောင်အထည်ဖော်မှု တိုးတက်မှု ရှိ မရှိ အာဆီယံခေါင်းဆောင်တွေက ဆန်းစစ်သွားမှာ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြောင်းလဲဖြစ် ပေါ်ပုံအပေါ် မူတည်ပြီး အာဆီယံရဲ့ နောက်လာမယ့်အဆင့်တွေကို လမ်းညွှန်ဖို့ အာဆီယံခေါင်းဆောင်တွေက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချမှတ်ကြလိမ့်မယ်လို့ သူက ဆိုပါတယ်။
အာဆီယံအနေနဲ့ တူညီဆန္ဒ ငါးချက်သာ အလုပ်မဖြစ်ခဲ့ရင် ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ။ လာမယ့် နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို မြန်မာ့အရေး လေ့လာသူတွေက ဆက်လက်စောင့်ကြည့်လို့ နေပါတယ်။










