မြစ်ရေလွှမ်းဖို့ မျှော်လင့်နေတဲ့ မဲဇာမြစ်ဝှမ်းက တောင်သူများ

မြစ်ရေလွှမ်းဖို့ မျှော်လင့်နေတဲ့ မဲဇာမြစ်ဝှမ်းက တောင်သူများ
Published 30 October 2022

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် မဲဇာမြစ်ရိုးတစ်လျှောက်ရှိ တောင်သူတွေဟာ ကမ်းပြည့်ကမ်းလျှံ မြစ်ရေလွှမ်းဖို့အရေး မျှော်လင့်ဆုတောင်းနေသည်မှာ နှစ်ချီခဲ့ပြီဖြစ်သော်လည်း အခုနှစ်မိုးရာသီအထိ ၎င်းတို့ဆန္ဒ မပြည့်နိုင်သေးပေ။

ထိုသို့ ဆုတောင်းမျှော်လင့်ရခြင်းက မဲဇာမြစ်ဝှမ်းနေ တောင်သူများအဖို့ ၂၀၁၆ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကြွက်ဘေးနဲ့ ရင်ဆိုင်နေရသည်မှာ ယခုနှစ်အထိဆိုလျှင် ၇ နှစ် ရှိခဲ့ပြီဖြစ်သည်ဟုသိရသည်။မြစ်ရေမကြီးတဲ့ အကျိုးဆက်တစ်ခုအဖြစ် မဲဇာမြစ်ရိုးတစ်လျှောက် ကြွက်သောင်းကျန်းမှုကို ၂၀၁ရခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်မှ စတင်ခံစားခဲ့ကြရခြင်း ဖြစ်ပြီး စိုက်ပျိုးသီးနှံ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှရာနှုန်းပြည့်အထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတောင်သူများက ပြောပါတယ်။    

“ဘေးခင်းက ကြွက်သိပ်မစားတဲ့ နေကြာ၊ နံနံ၊ မုန်ညှင်း၊ နှမ်းလိုဟာမျိုး စိုက်ထားရင် ကိုယ်အခင်းကပဲသွားမထည့်နဲ့။ ကြွက်အုံလာပြီး သိမ်းချိန်ကြရင် အပင်တောင် မကျန်ချင်ဘူး။ သူတို့ စားရုံတင်မဟုတ်ဘူး။ အစာပါချီပြီး စုတတ်တဲ့သတ္တဝါဆိုတော့ သူခိုးခိုးတာမှ ကျန်ဦးမယ်” လို့ အင်းတော်မြို့နယ်၊မဲဇာတိုက်နယ်က တောင်သူကိုထွန်းထွန်းဝင်းက ပြောပါတယ်။

မဲဇာမြစ်ဝှမ်းမှာ ကြွက်သောင်းကျန်းလွန်းလို့ ဒေသခံတောင်သူတွေဟာ ကိုယ့်လယ်ယာမြေမှာကိုယ့်အတွက် ဝင်ငွေပိုရ တွက်ခြေကိုက်တဲ့ စိုက်ပျိုးသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်သည့် အခြေအနေမရှိတော့ပါ။ကိုယ့်လယ်ယာဘေးအခင်းမှာ ဘာစိုက်ပျိုးလဲ ဦးစွာလေ့လာကြည့်ပြီးမှသာ ကြွက်မကြိုက်ကြွက်မဖျက်ဆီးနိုင်တဲ့ သီးနှံကိုသာ ရွေးချယ်စိုက်ရတဲ့ အခြေအနေဖြစ်ကြောင်း ဒေသခံတောင်သူများက ဆိုပါတယ်။

မဲဇာမြစ်ဝှမ်းဟာ မြေဆီလွှာကောင်းပြီး စပါးခင်း၊ ယာခင်းများကို ဒေသခံတောင်သူများက ၁၂ရာသီစလုံး စဉ်ဆက်မပြတ် စိုက်ပျိုးနေကြတာကြောင့် ကြွက်များအတွက် အစားအစာမပြတ်ရရှိပြီးအုပ်စုလိုက် ပြန့်ပွားနှုန်း မြန်ကာ နှိမ်နင်းရခက်နေခြင်းလည်း ဖြစ်ပါတယ်။

“ဆေးချပြီးသတ်တော့ သူကိုစားတဲ့ မြွေတို့၊ တောကြောင်တို့လည်းသေကုန်တော့ ကြွက်ကိုနိုင်တဲ့အကောင်တွေ မရှိတော့တာက ပိုဆိုးကုန်တာ။ အခုဆိုရင် အစောဆုံးရင့်မှည့်တဲ့ စပါးခင်း၊ ပဲခင်းဆိုဆတိုးနဲ့ လာစားတော့တာ။ ပိုက်ကာ၊ ဆေးချ၊ ထောင်ချောက်ဆင် မလုပ်နိုင်ရင် စပါးတင်း ၃၀၀ ထွက်ကစပါး ၁၀၀ တောင် မရချင်တော့ဘူး” လို့ အင်းတော်မြို့နယ်၊ အလယ်ဆိပ်အုပ်စု၊ မဲဇာမြစ်နံဘေးတွင်လုပ်ကိုင်နေသူ တောင်သူဦးအေးက ပြောပါတယ်။

မဲဇာမြစ် ဖြတ်သန်းသွားတဲ့ အင်းတော်မြို့နယ်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် အလယ်ပိုင်းမှာရှိပြီးမန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိပါတယ်။

ယခင်နှစ်များက ကသာခရိုင်ဒေသအတွင်း ကြွက်ထိုးရောင်းသူများက လာရောက်ဖမ်းဆီးကြပြီးရထားလမ်း၊ ကားလမ်းရှိ ထန်းရည်ဆိုင်၊ စားသောက်ဆိုင်နှင့် လယ်ကြွက်၊ ယာခင်းကြွက်များဈေးကွက်ကို တင်ပို့ရောင်းချကြသည်ဟု ဒေသခံများက ပြောပါတယ်။    ၂၀၂၁ ခုနှစ် နောက်ပိုင်း ဒေသခံအများစုဟာ တစ်နယ်နဲ့တစ်နယ် သွားလာရာမှာစစ်ဆေးမေးမြန်းမှုများရှိလာခြင်း၊ စက်သုံးဆီ‌ဈေး အဆမတန် ကြီးမြင့်ခြင်းကြောင့်ကြွက်ထိုးရောင်းသူများ လာရောက်ခြင်းမရှိတော့ဘဲ ဈေးကွက်ပျက်ပြီး ကြွက်ပေါက်ဖွားမှုနှုန်းကိုမတားနိုင်သည့် အခြေအနေကို ကြုံတွေ့လာရတယ်လို့ ဒေသခံ တောင်သူ ကိုလွှမ်းပြေက ပြောပါတယ်။

“အရင်က ကောလင်း၊ ဝန်းသို၊ ပဒုမ္မာ၊ ထန်းကုန်း နောက် ရွှေဘိုလောက်ကအထိ လာပြီးကြွက်ထိုးကြတယ်။ ဆိုင်ကယ်၊ ကားနဲ့လာတယ်။ တစ်ညကို တစ်တင်းခွဲအိတ် တစ်လုံးစီ ရကြတယ်။ကြွက်ပေါတဲ့ အခင်းရှင်ဆို သူတို့ကို ထမင်းကျွေး၊ နေစရာလည်းပေး၊ အရက်တိုက်ပေါ့။ကြွက်ထိုးတဲ့သူတွေ ဝင်သွားပြီးရင် သီးနှံပျက်စီးမှု အနည်းနဲ့ အများ ဆိုသလို လျော့ကျသွားတယ်” လို့ ၎င်းက ပြောပါတယ်။

ကြွက်ထိုးသူတွေ မလာရောက်တော့သလို ကြွက်သတ်ဆေးဈေးနှုန်းတွေကလည်း ယခင်ကထက် သုံးဆနီးပါးဈေးမြင့်လာတာကြောင့် ဒေသခံတောင်သူတွေဟာ ကြွက်တွင်းတွေထဲရေဝင်ပြီးကြွက်ပေါက်တွေ သေဆုံးဖို့အတွက် မဲဇာမြစ်ရေကြီးဖို့သာ ဆုတောင်းနေရကြောင်း ပြောဆိုကြပါတယ်။    ကြွက်ဆေးချဖို့လည်း ဆေးဖိုးက နှစ်ဧကကို ကျပ်တစ်သောင်းနီးပါး ကုန်ကျသဖြင့် ဧကပေါင်းသောင်းကျော်ချီရှိရာ ဒေသခံတောင်သူများအတွက် ကြွက်ဆေးဖိုးပင် ကျပ်သိန်းထောင်ချီ ကုန်ကျမယ့်အခြေအနေ ဖြစ်နေပါတယ်။

မဲဇာမြစ်ရေကြီးချိန်မှာ မြစ်ဝှမ်းလွင်ပြင်တစ်ခုလုံး ရေလွှမ်းပြီး ကြွက်တွင်းတွေရေဝင်ကာ ကြွက်တွေရေနစ်သေသလို ရေနဲ့ မျှောပါရေမွန်းပြီး တွင်းမအောင်းနိုင်တော့သဖြင့် သိန်း၊လင်ကောင်ပိုး၊ အသားစားငှက်များအပါအဝင် အခြားသတ္တဝါတွေက ကြွက်တွေကို အလွယ်တကူဖမ်းယူစားသောက်ကြပါတယ်။ ထိုအခြေအနေ ဖြစ်လာမှသာလျှင် ကြွက်ပွားနှုန်း အလွန်လျော့နည်းပြီးကြွက်အန္တရာယ်မှ ကင်းဝေးသည်ဟု တောင်သူများက ပြောကြပါတယ်။

မဲဇာမြစ်ဝှမ်းဖြစ်စဉ်ဟာ ကမ္ဘာရာသီဥတု ပြောင်းလဲခြင်း (Climate Change ) နဲ့ ဂေဟစနစ်ပျက်ယွင်းခြင်းကြောင့်ဖြစ်ပြီး ထိုဖြစ်စဉ်မျိုး ကမ္ဘာမှာ ကြုံတွေ့နေကြရပြီး စိုက်ပျိုးရေးအတွက်ကြီးမားသည့် ရိုက်ခတ်မှု ဖြစ်ကြောင်း သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာရှင်ဦးနေမျိုးရွှေက ပြောပါတယ်။

“အဓိကတော့ တောင်သူတွေ အဆိပ်ကြွေးပြီး ဖြေရှင်းတာမျိုးထက် စိုက်ပျိုးရေးပညာရှင်တွေနဲ့ပူးပေါင်းပြီး ဖြေရှင်းစေချင်တယ်။ ဂေဟစနစ်နဲ့ ပြောမယ်ဆိုရင် ကြွက်ကိုစားမယ့် ကြောင်၊ မြွေ၊ငှက်တွေပါ လိုက်သေတာမျိုးတွေ ဖြစ်မယ်။ စားမယ့်ကောင်တွေ မရှိတော့ ကြွက်ပိုမျိုးပွားမယ်” ဟုဦးနေမျိုးရွှေက ဆိုပါတယ်။

တစ်ဖက်မှာလည်း မြစ်ရေကြီးတာ၊ ရေဖုံးလွှမ်းခြင်း မရှိတာ နှစ်ချီကြာမြင့်ပြီ ဖြစ်တာကြောင့် စိုက်ပျိုးမြေများတွင် နုန်းတင်မြေနုများ မရှိတော့သဖြင့် မြေဆီသြဇာကောင်းသည့် နုန်းမြေတင်ကျန်ရစ်ရန် မြစ်ရေကြီးဖို့ မျှော်လင့်နေခြင်း ဖြစ်ပါတယ်။

မဲဇာမြစ်ကို ကျေးရွာပေါင်း ၁၀၀ ကျော် မှီခိုနေရပြီး ရေလွှမ်း စိုက်ပျိုးမြေဧက ၁၀,၉၂၀ ဧက ရှိပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်က နှစ်စဉ် အနည်းဆုံး တစ်ကြိမ်မှ လေးကြိမ်အထိ ရေလွှမ်းသည့် မြစ်ဝှမ်းလွင်ပြင်ဖြစ်ပါတယ်။ မြစ်ရေမလွှမ်းသည့်အခြေအနေကို ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှသာ စတင်ကြုံတွေ့လာသည်ဟုဒေသခံများက ဆိုပါတယ်။

“၁၉၉၉ ခုနှစ် ရေအကြီးဆုံး ကြုံဖူးတာပဲ။ အိမ်ပေါ်ကနေ ခြေရေဆေးလို့တယ်။ အဲဒီနှစ်ကို မမီပေမဲ့၂၀၀၈ မှာလည်း အတော်ကြီးသေးတယ်။ အခု မိုးတဖြည်းဖြည်း နည်းလာတာ။ အင်းတွေ၊ ချောင်းတွေ၊မြစ်ဘေး မြိုင်တောကြီးတွေ ပျောက်သွားကုန်ပြီ။ မဲဇာမြစ်လည်း ရေအိုက် (ရေအလွန်နက်သည့် နေရာ)၊ရေဝဲတွေ ဘယ်နေရာမှ မရှိတော့ဘဲ ကောကုန်ပြီ” လို့ အသက် ၅၅ နှစ်အရွယ် ဒေသခံတောင်သူဦးစံဟိန်းက ပြောဆိုပါတယ်။    မြစ်ရေလွှမ်းစဉ်ကာလက စိုက်သမျှ သီးနှံဖြစ်ထွန်းကာ မဲဇာမြစ်ရိုး၊ ချောင်းရိုးထွက် နေကြာ၊ ပဲဆီတို့မှာဒေသတစ်ဝန်း၊ နိုင်ငံတစ်ဝန်းနဲ့ တရုတ်နိုင်ငံအထိ နာမည်ရခဲ့ပါတယ်။ စိုက်ပျိုးသီးနှံများမှာလည်းရေကြီးသည့်နှစ်တိုင်း အထွက်နှုန်းကောင်းပြီး မြေပဲစိုက်ခင်း တစ်ဧကစိုက်ပျိုးလျှင် တင်း ၉၀ ကျော်ပုံမှန်ရရှိခဲ့ရာမှ အခုနောက်ပိုင်း တင်း ၅၀ ခန့်ပင် မရတော့ကြောင်း တောင်သူများက ပြောပါတယ်။ကသာခရိုင် စိုက်ပျိုးရေးအရာရှိ ဦးအောင်မျိုးဝင်းက “မြေနုကျွန်းတွေက ရေမဝင်ရင်အထွက်လျှော့လာတယ်။ နုန်းမြေဆိုတာက အကျိုးပြု အနုဇီဝတွေပွားများဖို့ အကောင်းဆုံး အနေအထားရှိတယ်။ ရေကြီးပြီးမြေလွှာက အစိုဓာတ်ကို အကြာကြီးထိန်းထားနိုင်တယ်။ အပင်ကို ထောက်ပံ့ထားနိုင်တယ်” လို့ မြစ်ရေကြီးခြင်းရဲ့ ကောင်းကျိုးတစ်ခုကို ရှင်းပြပါတယ်။    ရေကြီးရေလွှမ်းလေ့ရှိတဲ့ စိုက်ပျိုးမြေများဟာ နှစ်ကြာရှည် ရေကြီးရေလွှမ်းမိုးမှု မရှိချိန်မှာ ထိုမြေများကို မြေဆီ‌ကျွေးပေးခြင်း၊ သီးနှံပြောင်းလဲ စိုက်ပျိုးသင့်ပြီး အထူးသဖြင့် သက်တမ်းတိုသီးနှံမျိုးများကို တောင်သူများက ရွေးချယ် စိုက်ပျိုးရန်လိုကြောင်း ဦးအောင်မျိုးဝင်းကအကြံပြုပြောဆိုပါတယ်။

အလားတူ စိုက်ပျိုးရေးပညာရှင် ဦးသိန်းဆု (ရွှေဘို) ကလည်း ဒေသခံတောင်သူများအနေနဲ့သဘာဝမြေဆွေးများ၊ သဘာဝပိုးသတ်ဆေးများကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲစေလိုကြောင်းတိုက်တွန်းပြောဆိုပါတယ်။“နုန်းမြေက သဘာဝကပေးတဲ့ အကောင်းဆုံးမြေသြဇာဖြစ်တယ်။ ဒီနေရာသာမက အခြားသောဒေသအသီးသီးမှာလည်း ရာသီဥတု အပြောင်းအလဲကို စိုက်ပျိုးရေးသမားတွေ ရင်ဆိုင်နေကြရတယ်။စိုက်ပျိုးရေးပညာကို လေ့လာပြီး ပိုမိုအထွက်ကောင်းတဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ကြဖို့လိုပြီ” လို့ ဦးသိန်းဆုက အကြံပြုပါတယ်။    အင်းတော် မန်လည်တိုက်နယ်ခံ တောင်သူကိုလှစိုးက “မဲဇာမြစ်ဆိုတာက ဗန်းမောက်၊ ပင်လယ်ဘူး၊အင်းတော်၊ ကချင်ပြည်နယ်ဒေသကို အခြေခံတာ။ အခုက မိုးက တောင်ကရွာရင် မြောက်ဘက်နည်း၊အရှေ့ဘက်ကရွာရင် အနောက်ဘက်မရွာ အဲဒီလို ကမောက်ကမ ဖြစ်နေတာ ၁၀ နှှစ်ကျော်လာပြီ။ မိုးမညီတော့ မြစ်ရေ မကြီးတော့ဘူး” ဟု ညည်းတွားပြောဆိုပါတယ်။

ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒ မှတ်တမ်းများအရ ပျမ်းမျှမိုးရေချိန် လက်မ ၆၀ ဒသမ ၁၅ လက်မ၊ပျမ်းမျှ မိုးရွာရက် ၈၀ ရက် ဖြစ်ပြီး မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း၊ မကြုံဖူးသည့် မိုးရေချိန် လက်မ ၄၀အောက်သို့ စံချိန်တင် ကျဆင်းမှုများ ကြုံလာရခြင်းများ ရှိနေကြောင်း ဖော်ပြထားပါတယ်။    “မှတ်တမ်းတွေကို ကြည့်ရင်တော့ မိုးနည်းတဲ့ဘက် ဦးတည်နေတာ။ ဒီနှစ်ဆိုရင် လာနီညာဖြစ်တော့မိုးကောင်းမယ်။ ရေကြီးမယ်ပေါ့။ ဒါပေမဲ့ ပျမ်းမျှ မိုးရွာရက်ရောက်လာပြီ မိုးရေချိန်တော့ပျမ်းမျှမိုးရေချိန်အထိ မရောက်သေးဘူး” လို့ ကသာခရိုင် မိုးဇလတာဝန်ရှိသူ ဦးဟန်ထက်အောင်ကဆိုပါတယ်။

၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ “ မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုကို ဆန်းစစ်ခြင်း”အစီရင်ခံစာမှာ ရာသီဥတု၏ ပြောင်းလဲမှု အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသတွင်၁၉၈၀ မှ ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုတိုင်းတွင် ပျှမ်းမျှ အပူချိန် သုည ဒသမ ၃၅ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနေသည်ဟု ဆိုပါတယ်။    

အပူချိန်တိုးလာသည့် အကျိုးဆက်အပြင်မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးများခြင်း၊ နည်းခြင်း၊ မိုးမမှန်ခြင်း စသည့် အကျိုးဆက်များကိုမြန်မာ့တောင်သူများ ခံစားနေကြရသည်ဟု ဖော်ပြထားပါတယ်။

ကြွက်ဘေးကို မြန်မာနိုင်ငံ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင်ကျရောက်ခဲ့ပြီး ကြွက်များမှာ အခြားအရပ်မှ အစာရှားပါးမှုကြောင့် ပြောင်းလာခြင်းနဲ့ ဒေသတွင်းကြွက်များအတွက် အစာရေစာ ပတ်ဝန်းကျင် ကောင်းခြင်းများကြောင့် ပေါက်ဖွားနှုန်းမြင့်တက်လာမှုကြောင့် ဖြစ်ကြောင်း ကသာခရိုင် စိုက်ပျိုးရေး အရာရှိ ဦးအောင်မျိုးဝင်းက ဆိုပါတယ်။

“ကြွက်ဘေးက စုပေါင်းပြီး မနှိမ်နှင်းရင် မအောင်မြင်ဘူး။ ကြွက်ဆေးကိုကျတော့ကပ်ဘေးအဆင့်ရောက်မှ သုံးသင့်တာ။ သဘာဝအစာရှိရင် ကြွက်သတ်ဆေးပါတာကို မစားတာမျိုးတွေရှိတယ်။ အစာကွင်းဆက်က အကောင်တွေ သေဆုံးတာမျိုး ဘေးထွက်ဆိုးကျိုးပါ ရောက်ကုန်တယ်။အနီးဆုံးစိုက်ပျိုးရေး ဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ အကောင်းဆုံးပါ” ဟု အကြံပေး ပြောပါတယ်။

Most Read

Most Recent