တန်ဖိုးမြင့်ဒေါ်လာ၊ တန်ဖိုးကျငွေကြေးများနှင့် ဗဟိုဘဏ်     

တန်ဖိုးမြင့်ဒေါ်လာ၊ တန်ဖိုးကျငွေကြေးများနှင့် ဗဟိုဘဏ်     
Published 30 October 2022
စောနိုင် (အသုံးချဘောဂဗေဒ)

   (၁)

ဂျပန်ပြည်တွင်းသုံးငွေယန်း (Yen) နှင့် အမေရိကန် ဒေါ်လာလဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၄၃ ယန်းဖြစ်လျက် ၂ ၄နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်နေ့ သတင်းများတွင်ဖတ်လိုက်ရသည်။ ဒေါ်လာနှင့်ယှဉ်ပါက ဂျပန်ယန်းငွေ အလွန်အမင်းနိမ့်ကျသွားသည့်အခြေအနေဖြစ်သည်။ 

လွန်ခဲ့သော ၂၀၂၁ ခုနှစ်ကိုပြန်ကြည့်မိသည်။ ထိုနှစ်စက်တင်ဘာလအစက အမေရိကန်တစ်ဒေါ်လာရရှိရန် ဂျပန်ငွေ ၁၀၉ ယန်းသာ လိုအပ်ခဲ့သည်။

ထိုအချိန်လောက်စ၍ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၂၂ ဩဂုတ်လတွင် ၁၄ဝကျော်လာခဲ့ပြီးနောက် ယခုအချိန်တွင် တစ်ဒေါ်လာလျှင်  ၁၄၂ ယန်းမှ ၁၄၄ ယန်းအထိဖြစ်လာခဲ့သည်။ ထိုအခြေအနေသည် ယနေ့အချိန်အထိပင် ဆန့်ကျင်ဘက်သို့ပြောင်းလဲမည့်အခြေအနေကို မမြင်ရသေး။ ယမန်နှစ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ဂျပန်ယန်းငွေသည် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟုဆိုသည်။ ဂျပန်ဗဟိုဘဏ်ကို အကဲခတ်ကြည့်သော်လည်း ထိုအခြေအနေမှ သွေဖည်သွားစေရန် ပြောင်းလဲအားထုတ်မည့် အရိပ်အယောင် မတွေ့ရပေ။ အကယ်၍ ထိုအခြေအနေကိုပြောင်းလဲစေရန် ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းများမြှင့်တင်မှုပြုလုပ်ပါက ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီးမားနေသည့်နိုင်ငံအတွက် ထိခိုက်နာကျင်မှုကို ခံစားရနိုင်သည်ဟုသုံးသပ်ထားကြသည်။ ထိုအခြေအနေများကြောင့် ဂျပန်နိုင်ငံ ဗဟိုဘဏ်သည် အတိုးနှုန်းမြှင့်တင်ရန် မစဉ်းစားနိုင်ဘဲ အနုတ်လက္ခဏာ အတိုးနှုန်းတွင် တွယ်ကပ်နေရခြင်းဖြစ်လိမ့်မည်။   

    (၂)

ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးထိုးကျနေသော ငွေကြေးများတွင် ဂျပန်ယန်းငွေတစ်ခုတည်းမဟုတ်ပေ။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ထဲတွင် ယူရိုငွေကြေးသည် ၁၄ ရာခိုင်နှုန်း၊ ပေါင်စတာလင်သည် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဖြစ်သည်။ အနောက်နိုင်ငံဗဟိုဘဏ်များထက် ချုပ်ကိုင်မှုပိုမိုများသည့် တရုတ်နိုင်ငံဗဟိုဘဏ်လက်အောက်ရှိ တရုတ်ငွေကြေး ယွမ် (Yuan)  ၏ တန်ဖိုးသည်ပင်လျှင် ကျဆင်းနေခဲ့ပြီးဖြစ်သည်။ ထိုသို့ဒေါ်လာငွေကြေးအားကောင်းလာနေကြောင်း၊ ဒေါ်လာဈေးနှုန်း မြင့်တက် လာနေပြီဖြစ်ကြောင်း သတင်းများကြားနေရသည်မှာကြာပြီ။ အားလုံးအတွက် သတင်းကောင်းမဖြစ်။ စိုးရိမ်နေကြရ၏။ နိုင်ငံများအားလုံးသည်  မြင့်သည်ထက်မြင့် တက်လာနေသော အမေရိကန်ဒေါ်လာငွေတန်ဖိုးအပေါ် သတိထားစောင့်ကြည့်နေကြသည်။ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးများအပေါ် မည်သို့မည်ပုံ အန္တရာယ်ရှိ လာနိုင်မည်။ ဒေါ်လာငွေအားပျော့သွားစေရန် မည်ကဲ့သို့ပြုလုပ်ရမည်တို့ကိုသာ ခေါင်းထဲတွင်ရှိနေကြသည်။ အထူးသဖြင့် နိုင်ငံရေးနည်းလမ်းအရ လုပ်နိုင်မည့်ဖြစ်နိုင်သမျှ နည်းလမ်းများကိုဆွေးနွေးနေကြပြီဖြစ်သည်။

 

    (၃)

 ပြီးခဲ့သည့် ဇူလိုင်လက ဂျပန်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဟရူဟိကို ကုရိုဒါ (Haruhiko Kuroda) က ယန်းငွေကြေးတန်ဖိုးအလွန်အမင်းကျဆင်းနေခြင်းသည် ဒေါ်လာငွေတန်ဖိုး မြင့်တက်မှု ကြောင့်မဟုတ်။ နှစ်ကာလကြာမြင့်စွာကျင့်သုံးနေသော ဂျပန်ဗဟိုဘဏ်၏အနုတ်လက္ခဏာ အတိုးနှုန်းကို ထောက်ပြသည်။  

အတိုးနှုန်းများနှင့် ချေးငှားမှု ကုန်ကျစရိတ်များကျဆင်းစေရန် ငွေချေးစာချုပ် အများအပြားကိုလည်း ဝယ်ယူခဲ့သည်။ ဟရူဟိကိုကုရိုဒါ၏ စကားများသည် ဆွစ်ဇာလန် အမျိုးသားဘဏ်က ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းများမြှင့်တင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီးယူဗဟိုဘဏ်နှင့် အခြားသော ဗဟိုဘဏ်များ၏ အင်ဖလေးရှင်းနှုန်း လျှော့ချနိုင်ရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ ထိန်းထားနိုင်ရေး အခြေအနေများကြား၌ ချိန်ဆလုပ်ဆောင်မှုများမှာလည်း နှိုင်းယှဉ်လေ့လာစရာဖြစ်သည်။ ထို့ပြင် ပြည်တွင်းငွေကြေးတန်ဖိုးများကိုလျှော့ချရန်ကြိုးစားနေသည့် ဗဟိုဘဏ်များကို အပြစ်မတင်သင့်၊ ယခုအခြေအနေသည် ဒေါ်လာငွေကြေး၏မှားယွင်းမှုသာဖြစ်သည်ဟုဆိုထားသည်။   

    (၄)

ဒေါ်လာဈေးနှုန်းမြင့်မားလာကြောင်း ပြောနေကြခြင်းသည် ဒေါ်လာငွေကြေး အကြောင်းအရာတစ်ခုတည်းနှင့်သာ ပတ်သက်နေသည်မဟုတ်။ ဒေါ်လာနှင့်ဆက်စပ်မှုရှိသည့်  အခြားငွေကြေးများ တန်ဖိုးကျဆင်းနေသည့်အကြောင်း၊ အခြားသောနိုင်ငံများ၏ စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေ အကြောင်းများပါဝင်နေသည်။ 

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မှုနှင့်အတူ ဗဟိုဘဏ်ဉက္ကဋ္ဌဖြစ်သူ၏ စီးပွားရေး၊ ငွေကြေးဆိုင်ရာ စဉ်းစားပုံ၊ စဉ်းစားနည်းများကို သိလာသကဲ့သို့ အခြားနိုင်ငံဗဟိုဘဏ်များ ငွေကြေးပေါ်လစီကို မည်သို့မည်ပုံ ကိုင်တွယ်နေသည်ကို လေ့လာရန်လိုအပ်သည့်အကြောင်းဖြစ်လာသည်။ အချို့သောသုတေသီများက ဗဟိုဘဏ်အချို့သည် အမေရိကန်ဗဟိုဘဏ်ထက် ဆိုးရွားသော ငွေကြေးပေါ်လစီများကို ကိုင်တွယ်ကျင့်သုံးနေသည်ဟု ကောက် ချက် ချထားကြသည်။ ထို့ကြောင့် အခြားသောနိုင်ငံအစိုးရတို့သည် ဒေါ်လာတန်ဖိုးအားကောင်းလာမှုကြောင့် ဖြစ်လာနိုင်ခြေအန္တရာယ်များကို စိုးရိမ်လျက်အမေရိကန်ဗဟိုဘဏ်ကိုသာအပြစ်ဖို့၊ ပြောဆိုနေမည့်အစား ၎င်းတို့နိုင်ငံများရှိ ဗဟိုဘဏ်များ၏ ပြည်တွင်းငွေကြေးများ အားကောင်းလာစေရန် နည်းလမ်းရှာဖွေလုပ်ဆောင်မှုများနှင့်ပတ်သက်၍ အရေးတယူဆွေးနွေးပေးမှုများကို ပိုမိုလုပ်ဆောင်သင့်သည့်အချိန်အခါဖြစ်သည်။    



    (၅)

 စီအန်အန် (CNN) ဆောင်းပါးတစ်ပုဒ်တွင်လည်း "တန်ဖိုးခိုင်မာလာသော အမေရိကန်ဒေါ်လာသည် လူတိုင်းကိုထိခိုက်စေသည်”  (America’s Strong Dollar Is Hurting Everyone Else.” ) ဟု ခေါင်းစဉ်တပ်လျက် ဒေါ်လာဈေးမြင့်တက်မှုနှင့် ပတ်သက်၍ သုံးသပ်ထားသည်ကိုတွေ့ရသည်။ ကမ္ဘာပေါ်တွင်  ဒေါ်လာငွေကြေးဖြင့် ရယူထားသော နိုင်ငံခြားကြွေးမြီဝန်ထုပ်ရှိနေသည့် နိုင်ငံများစွာရှိနေသည်။ ဒေါ်လာတန်ဖိုးမြင့်တက်လာချိန်တွင် အဆိုပါနိုင်ငံများသည် ၎င်းတို့ ၏ကြွေးမြီများကိုပြန်လည်ပေးဆပ်နိုင်ရန်ပိုမိုခက်ခဲလာသည်။ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းလျက်ရှိနေချိန် ကုန်စည်နှင့် ဝန် ဆောင်မှုများ တင်သွင်းရာတွင် မြင့်မားနေသောဒေါ်လာဈေးနှုန်းဖြင့်ပေးချေရသောကြောင့် ကုန်ကျစရိတ်ပိုမိုလာသည်။ သီရိလင်္ကာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ အခြေအနေကို ဥပမာယူ၍ စဉ်းစားကြည့်နိုင်သည်။ 

ဒေါ်လာဈေးနှုန်းမြင့်တက်မှုသည် ပြည်တွင်းငွေကြေးတန်ဖိုးအားနည်းနေသော နိုင်ငံများမှ အရင်းအနှီးများကိုလည်း နိုင်ငံပြင်ပသို့စီးထွက်စေသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အတိုးနှုန်းမြင့်မားလာသော ဒေါ်လာငွေချေးစာချုပ်များပေါ်တွင်  ပို၍ရင်းနှီးမြှုပ်နှံလိုကြသဖြင့် ဒေါ်လာဝယ်လိုအားပိုမိုဖြစ်ပေါ်လာသည်။ ပြည်တွင်းငွေကြေးတန်ဖိုးမှာလည်း ကျဆင်းပြီးရင်း ကျဆင်းသည့် အခြေအနေဖြစ်လာတော့သည်။ ထို့ကြောင့် ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းသည် ပြည်တွင်းသုံး ငွေကြေးတန်ဖိုးကျဆင်းနေသည့်နိုင်ငံများတွင် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာသည့် အခြေအနေလည်းဖြစ်သည်။     

    (၆)

စီးပွားရေးသီအိုရီအရ ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းသည် အထူးအဆန်းမဟုတ်။  ပြဿနာမဟုတ်၊ သဘာဝသာဖြစ်သည်။ ယခုထိုအကြောင်းကို ရှုထောင့်ပေါင်းစုံမှ အနုလုံ ပဋိလုံ  စဉ်းစား နေကြရသည်။ အမှန်တကယ် ပြဿနာမှာ ဒေါ်လာဈေးမြင့်တက်စေသည့် အကြောင်းများထဲတွင်ရှိနေသည်။ ဗဟိုဘဏ် များ၏ ပေါ်လစီအားနည်းမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေဆိုးများထဲတွင် ရင်းနှီးမြှုပ်နှံသူများ ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များကို ကြိုတင်မတွက်ဆနိုင်ခြင်းဖြစ်သည်။ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တင်ခြင်းမှစခဲ့သည့်ဒေါ်လာငွေကြေးအခြေအနေသည် အခြားသောနိုင်ငံများရှိ ဗဟိုဘဏ်များ၏အခြေအနေအကောင်းအဆိုးကိုပါ ပိုမိုပေါ်လွင်လာစေသည်။ ဒေါ်လာနှင့်ပတ်သက်ဆက်နွှယ်နေသော နိုင်ငံများ၏ပြည်တွင်းငွေကြေးများတန်ဖိုးများ ကျဆင်းလာသည်။ ထို့နောက် ဘဏ္ဍာရေးမတည်ငြိမ်မှုဖြစ်လာမည်။ ဥစ္စာဓနများကို ဆုံးရှုံးမှုများရှိလာနိုင်သည်။ နောက်ဆုံးတွင် စီးပွားရေးအကျပ်အတည်းကို ဦးတည်သွားတော့မည်ဖြစ် သည်။    

    (၇)

 အမေရိကန်ဗဟိုဘဏ်သည်အပြုအမူများသည် အမေရိကန်စီးပွားရေး၏အနာဂတ်အပေါ် စိုးရိမ်နေကြောင်းပေါ်လွင်နေသည်။ အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာသော အခြားသောနိုင်ငံများ၏ငွေကြေးမတည်ငြိမ်မှုများကို လေ့လာရန်လိုသည်။ အထူးသဖြင့်အားနည်းလာသော အီးယူ၏ယူရိုငွေကြေး၊ ဂျပန်ငွေကြေးယန်းနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကြောက်စရာကောင်းလောင်းအောင်ကျဆင်းသွားသော သီရိလင်္ကာရူပီး ငွေကြေးတို့မှာ မျက်မြင်ပင်ဖြစ်သည်။ အခြားသောနိုင်ငံများ၏ ဗဟိုဘဏ်များနှင့် မီဒီယာများကမူ ဒေါ်လာဈေးနှုန်းမြင့်တက်နေခြင်းကိုသာစဉ်းစားရမည့်ပြဿနာဟုမီးမောင်းထိုးပြနေကြသည်။ အချို့ကလည်း ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးများယခုကဲ့သို့ကြုံတွေ့နေခြင်းအတွက်သည်အမေရိကန်ဗဟိုဘဏ် တာဝန် ရှိသူများတွင် အပြစ်များစွာရှိသည်မှာမှန်သည်။ သို့သော် ၎င်းတို့၏မှားယွင်းမှုမဟုတ်။ အခြားသော ဗဟိုဘဏ်များသည် အမေရိကန်ဗဟိုဘဏ်ထက် ပိုဆိုးရွားသော လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း ကောက်ချက်ချသည်။   

    (၈)

ယခုအခြေအနေသည်အမေရိကန်ဗဟိုဘဏ်၏ ၁၉၈ဝပြည့်နှစ်များက အတွေ့အကြုံများကို ပြန်အမှတ်ရစေသည်။ ထိုအချိန်ဗဟိုဘဏ်ဉက္ကဋ္ဌ ပေါလ် ဗို့ကာ (Paul Volcker) ဖြစ်သည်။  အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများကိုမြှင့်တင်ခဲ့ပြီးနောက်  ဒေါ်လာသည် အခြားနိုင်ငံခြားငွေများနှင့် နှိုင်းယှဉ်ပါကပိုမိုအားကောင်းသွားသည်။ ထို့နောက်ဒေါ်လာဈေးမြင့်တက်လာမှုနှင့်ပတ်သက်သည့် ပြဿနာများ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးသမားများကြားတွင် အရေးကြီးသော အကြောင်းကိစ္စဖြစ်လာခဲ့သည်။ ထို့နောက်ပြင်သစ်၊ ဂျာမန်၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံရေးသမားများသည် ဒေါ်လာငွေကို တန်ဖိုးချပေးရန် အမေရိကန်ကိုစည်းရုံးတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။  အစဉ်အလာအရ ယုံကြည်ထားသည့် ဆိုးရွားသော စီးပွားရေးအယူအဆကြောင့်ဖြစ်ပေါ်လာသော ဖိအားများကို ခံခဲ့ကြရသည်။        

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် ဖြေရှင်းစရာပြဿနာဖြစ်ခဲ့သည်။ အထူးသဖြင့် ကုန်သွယ်မှုနယ်ပယ်တွင် မညီမျှမှုများပေါ်ပေါက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကြား အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ထိန်းချုပ်နိုင်စေရန်ရည်ရွယ်ချက်ဖြင့်ပလာဇာ သဘောတူညီမှု (Plaza Accord) ကိုရယူခဲ့ကြသည်။ ပလာဇာသဘောတူညီမှုကို လက်ခံခဲ့ပြီးနောက်တွင်မူ အမေရိကန်ဒေါ်လာတန်ဖိုးသည်လည်းကောင်း၊ ဒေါ်လာငွေကြေး၏ ဝယ်နိုင်စွမ်းအားသည်လည်းကောင်း စတင်ကျဆင်းလာခဲ့ပြန်သည်။ အခြေအနေသည် အမေရိကန်စီးပွားရေး အဆောက်အအုံအတွင်း ငွေစုဆောင်းသူများနှင့် စားသုံးသူများအတွက် နစ်နာမှုများ ဖြစ်လာစေတော့သည်။

    (၉)

ဒေါ်လာငွေ ဈေးနှုန်းမြင့်တက်မှု၊ ကျဆင်းမှုတို့သည် အစဉ်အလာမပျက်သော အတွေ့အကြုံများဖြစ်နေခဲ့ပြီ။ ဒေါ်လာငွေကြေးတန်ဖိုးမြင့်တက်လာပြီးနောက်တွင် ငွေတန်ဖိုးချရန် တောင်းဆိုမှုများ ရှိလာတတ်သည်ဟု သိရှိခဲ့ကြပြီးဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသောအနေအထားသည် ထိုအချိန်က အခြေအနေမျိုးကဲ့သို့ မဟုတ်။ အမေရိကန်နိုင်ငံနှင့် အခြားကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများသည် စဉ်းစားရကျပ်သောကမ္ဘာ့စီးပွားရေးအခင်းအကျင်းကို ရင်ဆိုင်နေရသည့် အချိန်အခါဖြစ်နေသည်။   

ယခုကြုံတွေ့နေရသည့် အခြေအနေဆိုးများကျော်လွန်ပြီးခဲ့ပါက အားကောင်းသောငွေကြေး၊ အားနည်းသောငွေကြေးတို့ကြောင့်ဖြစ်ပေါ်လာသည့်အကျိုးဆက်များနှင့်ပတ်သက်၍ အယူအဆသစ်များကို သင်ခန်းစာယူစရာများအဖြစ် လေ့လာကြရပေဦးမည်။



https://www.eurasiareview.com

Most Read

Most Recent