တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံလုံးဆိုင်ရာကွန်ဂရက်သို့ ပါတီဗဟိုကော်မတီ အစီရင်ခံစာမှ ကောက်နုတ်ချက်များ

တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံလုံးဆိုင်ရာကွန်ဂရက်သို့ ပါတီဗဟိုကော်မတီ အစီရင်ခံစာမှ ကောက်နုတ်ချက်များ
Published 30 October 2022
ရဲကျော်စွာ

တရုတ်ပြည် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီကွန်ဂရက်သို့ ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာကို ပါတီဗဟို နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ်ဗျူရို) အမြဲတမ်းကော်မတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ရှီကျင့်ဖျင်က ပါတီဗဟိုကော်မတီကိုယ်စား ပါတီကွန်ဂရက်သို့ တင်သွင်းခဲ့သည်။

ထို အစီရင်ခံစာအတွင်း ပါဝင်သော အချက်အလက်များစွာ အနက် အိမ်နီးချင်းမြန်မာနိုင်ငံမှ လူမျိုးပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လူမှုအလွှာပေါင်းစုံ၊ လူမှုခံယူချက်ပေါင်းစုံမှ တိုင်းရင်းသားပြည်သူများအနေဖြင့် အထူးပင် အလေးအနက်ထားကာ ဂရုစိုက်သိရှိထားသင့်သော အရေးကြီးသော ထူးခြားချက်အချို့ကို မြန်မာဘာသာပြန်၍ စာရေးသူက ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ပါတီခေါင်းဆောင်မှုပိုင်း ပြဿနာများ”

“တစ်ချိန်တည်းမှာပင် ထင်ရှားသိသာသော အရေးကိစ္စရပ်များနှင့် ပြဿနာများ၏ အရေအတွက်တစ်ခုက လတ်တလောချက်ချင်းအရေးယူဆောင်ရွက်ပေးရေးကို တောင်းဆိုနေခဲ့သည်။ “

 “ယင်းတို့အနက် အချို့သောအရေးကိစ္စရပ်များနှင့် ပြဿနာများက နှစ်ကာလများကြာမြင့်စွာ စုဖွဲ့တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး အခြားသော အရေးကိစ္စရပ်များနှင့် ပြဿနာများကမူ ယခုမှ စတင်ထွက်ပေါ်ခါစသာဖြစ်သည်။ 

 “ပါတီအတွင်းတွင် ပါတီ၏ဦးဆောင်မှုကို ဆက်လက်ကိုင်စွဲရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းကြည်လင်သော နားလည်သိမြင်မှုနှင့် ထိရောက်သော ဆောင်ရွက်မှု ကင်းမဲ့နေခြင်း၊ လက်တွေ့ပိုင်းတွင် အားနည်းသော၊ ဟင်းလင်းဖြစ်နေသော၊ ယိုစီးကျဆင်းနေသော ပါတီခေါင်းဆောင်မှုဆီသို့ လျှောထွက်နေခြင်းများအပါအဝင် များစွာသော အရေးကိစ္စရပ်များ ဖြစ်ပေါ်နေသည်။“

 “အချို့သော ပါတီဝင်များနှင့် ပါတီတာဝန်ရှိသူများသည် သူတို့၏နိုင်ငံရေးယုံကြည်ချက် (Political Conviction) အတွင်း တွေဝေယိမ်းယိုင် (Wavering) နေခဲ့ကြသည်“

“ဗျူရိုကရက်တစ်ဝါဒနှင့် ကာမဂုဏ်ဝါဒ”

“အကြိမ်ကြိမ် သတိပေးထားခဲ့သော်လည်း အဓိပ္ပာယ်မဲ့၊ အကျိုးအကြောင်းမဲ့၊ အနှစ်သာရမဲ့ အသွင်သဏ္ဍာန်ယူမှုများနှင့် တရားသေပြုမှုမှုများ (Pointless Formalities)၊ အရာရှိဆိုးဝါဒ (ဝါ) ဗျူရိုကရက်တစ်ဝါဒ (Bureaucratism)၊ အာရုံခံစားမှုအပျော်အပါးဝါဒ (ဝါ) ကာမဂုဏ်ဝါဒ (Hedonism)  နှင့် ကိန်းကြီးခန်းကြီး ဖြုန်းတီးလက်ဖွာမှု (Extravagance) များက ပါတီ၏ အချို့သော နယ်မြေဒေသန္တရ အဖွဲ့အစည်းများနှင့် အချို့သောဌာနကြီးများအတွင်း ဆက်လက်ကျန်ရှိနေဆဲ ဖြစ်နေသည်“

“အဂတိလိုက်စားမှုများ”

 “အခွင့်ထူး ခံစားလိုသော စိတ်ဓာတ်များနှင့် လက်တွေ့အပြုအမူများ (Privilege Seeking Mindsets and Practices) က အရေးကြီး စိုးရိမ်ဖွယ်ရာ ပြဿနာများကို တင်သွင်းဝင်ရောက်လာစေခဲ့ပြီး အချို့သော ‘နက်ရှိုင်းစွာ တုန်လှုပ်ဖွယ်ရာ အဂတိလိုက်စားမှုများ‘ (Deeply Shocking Cases of Corruption) ကိုလည်း ဖော်ထုတ် တွေ့ရှိခဲ့ရသည်“

“ဖွဲ့စည်းမှုပုံစံနှင့် ယန္တရားပြုအဖွဲ့အစည်းပိုင်းပြဿနာများ”

 “အထူးစိုးရိမ်ဖွယ်ရာအဆင့်ရှိသော ‘ဖွဲ့စည်းတည်ဆောက်မှု ပုံစံပိုင်းနှင့် စနစ်အိမ်ဖွဲ့ယန္တရားပြု ဌာနအဖွဲ့အစည်းပိုင်း ပြဿနာများ‘ (Structural and Institutional Problems) က တရုတ်ပြည်၏ စီးပွားရေးကို အဘက်ဘက်မှ အဆက်မပြတ် ဝန်းရံနှောင့်ယှက်၊ ဖိစီး၊ တိုက်ခိုက်နေခဲ့ကြသည်“

မမျှတသော ဖွံ့ဖြိုးရေးစံပုံစံ အဟောင်း

 “ ဖွံ့ဖြိုးတိုးတက်မှုသည် ‘ ဟန်ချက်ညီ မျှတမှု မရှိသော ‘ (Imbalanced) ၊ ‘ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်မှု မရှိသော ‘ (Uncoordinated) ၊ ‘ ရေရှည်ထိန်း သယ်ဆောင်နိုင်စွမ်း မရှိသော ‘ (Unsustainable) ဖွံ့ဖြိုးမှု ဖြစ်ခဲ့သည် ။ “

 “ ထို ‘ သမားရိုးကျ ထုံးတမ်းအစဉ်အလာ ဖွံ့ဖြိုးရေး စံပုံစံ မော်ဒယ် ‘ (Traditional Development Model) အဟောင်းသည် ကျွန်ုပ်တို့အား ရှေ့သို့ ဆက်လက် ချီတက်နေနိုင်စေရန် ဆက်လက်၍ ဆောင်ကြဉ်းပေးနိုင်စွမ်း မရှိတော့ပေ ။ “

“နက်ရှိုင်းစွာ အမြစ်တွယ်နေသောပြဿနာများ”

  “စနစ်အိမ်ဖွဲ့ ယန္တရားပြုအဖွဲ့အစည်းများ (ဝါ) အင်စတီကျူးရှင်းများ (Institutions) အတွင်း နက်ရှိုင်းစွာ အခြေစိုက်နေသော ပြဿနာများအချို့နှင့် ပုဂ္ဂလ အကျိုးမျှော် အရေးစိတ်ဝင်စားမှုများ၊ တစ်ဦးချင်းပိုင် အကျိုးစီးပွားများက တည်ဆောက်ပေးခဲ့သော အတားအဆီးများက ပို၍ပို၍ ထင်သာမြင်သာ ဖြစ်လာခဲ့သည်“

“အယုံအကြည်ကင်းမဲ့မှုနှင့် ဥပဒေကို မျက်ကွယ်ပြုမှု”

  “တရုတ် ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်နိုင်ငံရေးစနစ် (Socialist Political System with Chinese Characteristics) ကို အချို့သော ပြည်သူများက ယုံကြည်စိတ်ချမှု ကင်းမဲ့လာခဲ့ကြသည်“

 “အကြိမ်များစွာတွင် တရားဥပဒေများကို လျစ်လျူရှုခဲ့ကြပြီး တိကျစွာလိုက်နာစောင့်ထိန်းစေရန် လက်တွေ့ထိန်းချုပ်မှု မပြုလုပ်ဘဲ ထားခဲ့ကြကြောင်းကို ကျွန်ုပ်တို့က တွေ့မြင့်ခဲ့ရသည်“



“ငွေကြေးကိုးကွယ်မှု ၊ ငါစွဲအတ္တနှင့် သမိုင်းရေးရာ အလေနတ္တောဝါဒ”

     “ငွေကြေးကိုးကွယ်မှု‘ (Money Worship) ၊ ‘အာရုံခံစားမှု အပျော်အပါး ကာမဂုဏ်ဝါဒ‘ (Hedonism) ၊ ‘ငါစွဲ အတ္တဗဟိုပြုမှု‘ (Egocentricity) နှင့် ‘သမိုင်းရေးရာ အလေနတ္တော နိတ္ထိကဝါဒ‘ (Historical Nihilism) များ ကဲ့သို့သော တွေးခေါ်မှု၏ မှားယွင်းလွဲချော်စေသော ပဲ့ကိုင်မှုပုံစံများက နေရာတိုင်းတွင် ကျယ်ပြန့်စွာ ဖြစ်ပွားနေခဲ့သည်။ အွန်လိုင်းပေါ်မှ လူတို့၏ အကျယ်တဝင့် ရေးသားဆွေးနွေးချက်များသည်လည်း ပရမ်းပတာများနှင့်အတူ တန်ဖိုးမဲ့စွာ၊ သေးနုတ်သိမ်ဖျင်းစွာ၊ ကျယ်ပြန့်လွှမ်းမိုးနေခဲ့သည်“

     “ထိုအရာများ အားလုံးသည် ‘ပြည်သူတို့၏ တွေးခေါ်မှု‘ (People’s Thinking) နှင့် ‘အများပြည်သူ့ရေးရာ ထင်မြင်ယူဆချက်များ၏ ပတ်ဝန်းကျင်‘ (Public Opinion Environment) များအပေါ်သို့ အရေးကြီးသော စိုးရိမ်ဖွယ်ရာအကျိုးဆက်ရိုက်ခတ်မှုများကို ဖြစ်ပွားစေခဲ့သည်“

“ဖရိုဖရဲ ဖြစ်နေခဲ့သော ဖူလုံရေးလုပ်ငန်းများ”

“ပြည်သူတို့၏ဘဝများ ကောင်းမွန်ဖူလုံရေးအတွက် ခိုင်မာသေချာစေရန် ဆောင်ရွက်ခဲ့သော ကျွန်ုပ်တို့၏လုပ်ငန်းများသည် အင်အားချည့်နဲ့သော ချိတ်ဆက်မှုများဖြင့် ဖရိုဖရဲ ဖြစ်နေခဲ့သည်“

“သဘာဝပတ်ဝန်းကျင် အဆိပ်သင့်ညစ်ညမ်းမှုများ”

“အရင်းအမြစ်များကို ပိုမိုကျဉ်းမြောင်းလာအောင် တင်းကျပ်ထိန်းချုပ်ခြင်းများ၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ဖိစီးမှုများနှင့် သဘာဝပတ်ဝန်းကျင် အဆိပ်သင့်ညစ်ညမ်းမှုများအကြောင်း ပြည်သူများထံမှ အသံထွက်လာခဲ့ကြသည်“

“လုံခြုံရေးနှင့် ကာကွယ်ရေး”

 “နိုင်ငံတော်၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသောစနစ်များသည် ပြည့်စုံလုံလောက်မှုမရှိဘဲ ဖြစ်ခဲ့သည်“

 “အမျိုးမျိုးသော အဓိက ဘေးအန္တရာယ်များကို တုံ့ပြန်ရန် ကျွန်ုပ်တို့၏ စွမ်းရည်များသည် မလုံလောက်ခဲ့“

 “မြောက်မြားစွာသော ချို့ယွင်းချက်များက နိုင်ငံတော်ကာကွယ်ရေးနှင့် စစ်မှုရေးရာ ခေတ်မီတိုးတက်ရေးကို မကောင်းသောအကျိုးဆက်များ ထိခိုက်ဖြစ်ပေါ်ေ

စခဲ့သည်“

“ဟောင်ကောင်နှင့် မကာအို”

 “ဟောင်ကောင် နှင့် မကာအိုအတွင်း ‘တိုင်းပြည်တစ်ခု၊ စနစ်နှစ်ခု မူဝါဒ‘ (Policy of One Country, Two Systems) ကို လက်တွေ့အကောက်အထည်ဖော်

ကျင့်သုံးရန် အင်စတီကျူးရှင်းများနှင့် စက်ယန္တရားများသည် ကောင်းစွာဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ဘဲ မိမိတို့၏နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသော၊ စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုများကို တရုတ်နိုင်ငံက ရင်ဆိုင်ခဲ့ရသည်“

“ပါတီနှင့် နိုင်ငံတော်၏ အနာဂတ်”

 “အထက်ဖော်ပြပါအရာများသည် ကျွန်ုပ်တို့ ရင်ဆိုင်ခဲ့ရသော ပြဿနာများ၏ အချို့မျှသာဖြစ်သည်“

  “ယခုအခါတွင် ပါတီတွင်းနှင့် ပါတီပြင်ပမှ များစွာသောပြည်သူများသည် ပါတီနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် စိုးရိမ်လာခဲ့ကြသည်“

“အလယ်အလတ်အဆင့် သာယာကြွယ်ဝမှု”

      “ခက်ခဲပြင်းထန်သော အားထုတ်လုပ်ဆောင်ချက်များကို မနားမနေဆောင်ရွက်ခြင်းဖြင့် တရုတ်ပြည်၏ နှစ်ပေါင်းထောင်ချီအိပ်မက် ဖြစ်သော ‘အလယ်အလတ်အဆင့် သာယာကြွယ်ဝမှု‘ (Moderate Prosperity) ဆီသို့ ကျွန်ုပ်တို့ အထမြောက်အောင်မြင်ခဲ့သည်“

“ဖွံ့ဖြိုးရေး ဒဿနအမြင်အသစ်”

 “ကျွန်ုပ်တို့သည် ရှေ့သို့ဆက်လက်ချီတက်ခဲ့ပြီး  ‘ဖွံ့ဖြိုးရေး ဒဿနအမြင်အသစ်‘ (New Development Philosophy) တစ်ခုကို အသုံးပြုနေသည်။ အရည်အေသွး မြင့်မားသော ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် ပြင်းထန်စွာအလုပ်လုပ်ခဲ့ကြပြီး ဖွံ့ဖြိုးမှု၏ စံပုံစံအသစ်တစ်ခုကို မွေးမြူထိန်းသိမ်းနိုင်ရန် တွန်းအားပေးခဲ့ကြသည်“

“ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး ဒဿနအမြင်”

 “ကျွန်ုပ်တို့သည် ‘ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး ဒဿနအမြင်‘ (People Centered Philosophy of Development) ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်“

“ကလေးငယ်များ စောင့်ရှောက်မှု၊ ပညာရေး၊ အလုပ်အကိုင်၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ ပြည်သူ့အိမ်ရာများ နှင့် လူမှုအထောက်အကူပြုလုပ်ငန်းများကို အများပြည်သူတို့က လက်လှမ်းမီရယူအသုံးပြုနိုင်စွမ်းများကို ခိုင်မာသေချာစေရန် ကျွန်ုပ်တို့က အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြသည်“

“သဘာဝပတ်ဝန်းကျင်ရေးရာများနှင့် စိမ်းလန်းသောစီးပွားရေး မူဝါဒသစ်”

 ရဲဘော် ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင်တည်ရှိနေသော ၁၉ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီမှ ယခု ကျင်းပခဲ့သော အကြိမ် ၂၀ မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီကွန်ဂရက်သို့ တင်သွင်းသော အစီရင်ခံစာတွင် ယခင် အကြိမ်များနှင့် မတူတော့ဘဲ ထူးခြားစွာ အလေးအနက်ထား ထည့်သွင်း ဖော်ပြလာခဲ့သော ပါတီ၏ သဘောတရားများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များအတွင်း ထူးခြားချက်များမှာ သဘာဝပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့် လုပ်ငန်း

စဉ်များ ဖြစ်နေသည်။

     ဆိုရှယ်လစ် ပြည်သူ့တရုတ်ပြည်သည် ယခင်က ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး၊ စက်မှုနိုင်ငံတော်သစ်တည်ဆောက်ရေး၊ အလုံးစုံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အဆင့်မြင့်နည်းပညာ နိုင်ငံတော်သစ်တည်ဆောက်ရေး၊ လူဦးရေအများစု၏ အခြေခံလူနေမှုအဆင့်အတန်းများနှင့် စားသုံးမှုအဆင့်အတန်းများ လျင်မြန်စွာ မြှင့်တင်ရေး၊ ရုပ်ဝတ္ထုပိုင်းနှင့် ဓနပိုင်ဆိုင်မှုပိုင်း ဖွံ့ဖြိုးရေး၊ စီးပွားရေးကြီးထွားမှု (Economic Growth) အစရှိသော သမိုင်းရေးရာ ရည်မှန်းချက်များကို ခိုင်မာတောင့်တင်းသော၊ သမိုင်းရေးရာ လှေကားထစ်များဖြင့် အဆင့်လိုက် ချီတက်အားထုတ်ခဲ့ရာ အောင်မြင်မှုများ အထမြောက်ခဲ့သည်။

    ယခုအချိန်တွင် ရုပ်ဝတ္ထုပိုင်း၊ ဓနအရင်းအနှီးပိုင်း၊ နည်းပညာပိုင်းနှင့် စက်မှုလုပ်ငန်းပိုင်းများတွင် အင်အားတောင့်တင်းသော ဖွံ့ဖြိုးမှု အခြေခံကောင်းများကို ခိုင်မာစွာ အုတ်မြစ်ချခဲ့ပြီးဖြစ်သော ဆိုရှယ်လစ်တရုတ်ပြည်သည် နောက်ထပ်သမိုင်းရေး လှေကားထစ် တစ်ဆင့် ပိုမို မြင့်မားနေသော၊ သမိုင်းရေးရာ ရည်မှန်းချက် အသစ်များနှင့် လုပ်ငန်းစဉ်အသစ်များ ဖြစ်သော ‘စိမ်းလန်းသော စီးပွားရေး‘ (Green Economy) ၊ ‘စိမ်းလန်းသော ဖွံ့ဖြိုးမှု‘ (Green Development) ၊ ဇီဝဂေဟ သဘာဝပတ်ဝန်းကျင်နှင့် အခြေခံပြည်သူများ၏ ရေရှည်အကျိုးစီးပွားများအတွက် မျှတထိန်းညှိပေးထားသော ‘ရေရှည်ထိန်းသယ်ဆောင်နိုင်သော ဖွံ့ဖြိုးရေး‘ (Sustainable Development) အစရှိသော၊ ပိုမိုအရည်အသွေးမြင့်မားသော၊ ပြည်သူဗဟိုပြုဘက်စုံအဆင့်မြင့် ဖွံ့ဖြိုးရေးလမ်းကြောင်းအသစ်ပေါ်သို့ စတင် ချီတက်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်းကို ထိုအစီရင်ခံစာအတွင်း တိကျရှင်းလင်းစွာ ဖော်ပြထားသည်။

ထို့ပြင် ပါတီပိုင်းနှင့် နိုင်ငံတော်ပိုင်းအတွင်း ကျန်ရစ်နေဆဲ အဂတိလိုက်စားမှုပုံစံမျိုးစုံကို အပြီးတိုင်ဖယ်ရှားသန့်စင်သွားရေး၊ ပါတီတွင်းသန့်စင်ရေးနှင့် နိုင်ငံတော်ပိုင်းသန့်စင်ရေးအတွက် ကျင့်ဝတ်အခြေပြုလုပ်ငန်းစဉ်များကို ဆုံးခန်းတိုင် ထိရောက်ပြတ်သားစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထိုအစီရင်ခံစာအတွင်း တိကျရှင်းလင်းစွာ သတင်းစကားပေးဖော်ပြထားသည်။

     တရုတ်ပြည် ကွန်မြူနစ်ပါတီသည် မိမိ၏လတ်တလောအားနည်းချက်များနှင့် ချို့ယွင်းချက်များအကြောင်း မိမိကိုယ်ကိုယ် မသိရှိသော နိုင်ငံရေးပါတီတစ်ခု၊ ခေါင်းဆောင်မှု တစ်ခု လုံးဝမဟုတ်ဘဲ မိမိတို့၏ လတ်တလောအားနည်းချက်များနှင့် ချို့ယွင်းချက်များကို အလုံးစုံပြန်လည်ပြုပြင်၊ ကုစား၊ ပြောင်းလဲကာ ပိုမိုမြင့်မားသော သမိုင်းရေးရာခြေလှမ်းအသစ်များဆီသို့ ဆိုရှယ်လစ်တရုတ်ပြည်ကို ဆက်လက် ခေါ်ဆောင်သွားမည့် မာ့က္ခ်စ်ဝါဒီ ၊ လီနင်ဝါဒီ နိုင်ငံရေးပါတီ ဖြစ်နေကြောင်းကို ယခုအစီရင်ခံစာပါ အချက်များဖြင့် တွေ့မြင် နေရသည်။

 

မူရင်းရည်ညွှန်း

Full text of the report to the 20th National Congress of the CPC

Xinhua 2022-10-26 

မူရင်း လင့် 

https://mp.weixin.qq.com/s/-jGK27C41lEPVK5nd9hltQ



 

Most Read

Most Recent