အင်ဒိုနီးရှားဘောလုံးဖြစ်ရပ်ဆိုးနှင့်ပတ်သက်ပြီး အရေးယူမှုများကို အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI)၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူပေါင်း အနည်းဆုံး(၁၂၅)ဦး သေဆုံးပြီး (၃၂၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည့် ယင်းဖြစ်ရပ်ဆိုးတွင် အိမ်ကွင်းလက်ခံကျင်းပခဲ့သည့် Arema FC အသင်းကို ဒဏ်ငွေ အင်ဒိုနီးရှားရူပီး သန်း ၂၅၀(၁၆၄၀၀ ဒေါ်လာ) တပ်ရိုက်ခဲ့ပြီး ရာသီကုန်အထိ အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပခွင့် ပိတ်ပင်ခဲ့ကာ ယင်းပွဲစဉ်များအား လက်ရှိကွင်းမှ (၂၅၀)ကီလိုမီတာဝေးသည့်နေရာတွင် ကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
Arema FC ၏ ပွဲစီစဉ်သူ အဗ္ဗဒူလ်ဟာရစ်နှင့် လုံခြုံရေးအရာရှိ ဆူကူဆူထရစ်နိုတို့ကို ဘောလုံးလောကနှင့်ပတ်သက်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့သည်။
သို့သော် PSSI ဥက္ကဋ္ဌ အီရီယာဝမ်အပါအဝင် အဖွဲ့ဝင်များကို ယခုဖြစ်ရပ်ဆိုးအတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများလည်းရှိနေသည်။
သမ္မတ ဝီဒိုဒိုသည် ဖြစ်ရပ်ဆိုးအတွက် နိုင်ငံရေးနှင့် လုံခြုံရေးဝန်ကြီး မာဖွတ်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးထားကြောင်း သိရသည်။















