ဘာစီလိုနာတိုက်စစ်မှူးဟောင်း အွန်နရီက အင်တာမီလန်-ဘာစီလိုနာပွဲတွင် ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဆလက်ဗ်ကိုဗန်ချစ်၏ ဆုံးဖြတ်ချက်များမှာ မှားယွင်းကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အင်တာမီလန် (၁-၀) ဘာစီလိုနာပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ဆလိုဗေးနီးယားဒိုင်လူကြီး ဆလက်ဗ်ကိုဗန်ချစ်သည် ဘာစီလိုနာ၏ချေပဂိုးကို အန်ဆူဖာတီ လက်ထိသည်ဟုဆိုကာ ပယ်ချခဲ့ပြီး ပွဲပြီးခါနီး အင်တာမီလန်နောက်ခံလူ ဒမ်ဖရိုင်းစ်၏လက်ထိဘောကိုမူ ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့သည်။
ဆလက်ဗ်ကိုဗန်ချစ်၏ အဆိုပါဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အွန်နရီက ''ဒိုင်လူကြီးတွေက တစ်ခါတလေ သူတို့မှားတယ်လို့ ပြောခွင့်ရှိသလား။ သူတို့အနေနဲ့ မှားရင်မှားတယ်လို့ ဝန်ခံဖို့ သင်ယူထားသင့်ပါတယ်။ အင်တာမီလန်-ဘာစီလိုနာပွဲမှာ ကွင်းလယ်ဒိုင် မှားတယ်ဆိုတာ ကျွန်တော် မြင်တယ်။ လူတိုင်းလည်း မြင်တယ်။ ဒါပါပဲ'' ဟု ပြောကြားခဲ့သည်။















