မန်ယူနည်းပြ တန်ဟက်ဂ်သည် မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ချက်စတာဒါဘီတွင် နောက်တန်းသို့ဆင်းပြီး ဒါလော့အား ကူညီရန်ညွှန်ကြားခဲ့သည့် မိမိ၏ညွှန် ကြားချက်ကိုမလိုက်နာခဲ့သည့် အသင်းတိုက်စစ်ကစားသမား အန်တိုနီကို ဒေါသထွက်နေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
အောက်တိုဘာ (၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၆-၃) မန်ယူပွဲ၌ အန်တိုနီသည် ပွဲချိန် (၅၆) မိနစ်တွင် မန်ယူအသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်း ယူခဲ့သော်လည်း ခံစစ်ပိုင်းကို ကူညီရန်ပျက်ကွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
တန်ဟက်ဂ်သည် မန်စီးတီးအသင်း၏ ဖိကစားခြင်း ခံနေရချိန်တွင် အန်တိုနီအား ခံစစ်ဆင်းပြီး ဒါလော့အားကူညီရန် ကွင်းဘေးမှ အမူအယာလုပ်ပြခဲ့သည်။
ထို့ပြင် တန်ဟက်ဂ်အနေဖြင့် အဆိုပါပွဲစဉ်မတိုင်မီကပင် အန်တိုနီအား ဒါလော့ကိုဆင်းကူရန် ညွှန်ကြားခဲ့ကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။
မန်ယူညာနောက်ခံလူ ဒါလော့သည် အဆိုပါပွဲစဉ်တွင် မန်စီးတီးကစားသမားများဖြစ်သည့် ဘာနာဒိုဆေးလ်ဗား၊ ဂရီးလစ်ရှ်တို့၏ ဖိအားပေးခြင်းကိုခံခဲ့ရပြီး ပွဲချိန် (၂)မိနစ်မှာပင် အဝါကတ်အပြခံခဲ့ရသည်။
ထို့ကြောင့် မန်စီးတီးနှင့်ကစားစဉ်အတွင်း ဒါလော့သည် အန်တိုနီအား ခံစစ်ဆင်းကူရန် ပြောဆိုခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် ဘယ်နောက်ခံလူ မာလာစီယာမှာလည်း ပထမပိုင်းမှာပင် အဝါကတ်ထိခဲ့ပြီး ဆန်ချို၏အကူအညီကို ရခဲ့ခြင်းမရခဲ့ပေ။
မန်စီးတီးနှင့်ပွဲတွင် ခံစစ်ဆင်းကူရန် ညွှန်ကြားမှုကို လိုက်နာခဲ့ခြင်းမရှိသည့် အန်တိုနီကို တန်ဟက်ဂ် ဒေါသထွက်ခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။
ထို့ပြင် မန်စီးတီးနှင့်ပွဲအပြီးတွင် မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်သည် ဆန်ချိုနှင့် အန်တိုနီကို ခံစစ်ဆင်းကူမှုအားနည်းခြင်းကို ဝေဖန်သည့်အနေဖြင့် သူ၏ Instagram တွင် ရိုင်ယန်ဂစ်နှင့် ဘက်ခမ်တို့၏ပုံကိုတင်ကာ "တောင်ပံကစားသမားတွေ ခံစစ်ဆင်းကူတာကို သတိရကြသေးရဲ့လား" ဟု ရေးတင်ခဲ့သည်။















