တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း တိုးတက်မှုများရရှိကာ ရုရှားထိန်းချုပ်ထားသော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းထုတ်ပြန်

တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း တိုးတက်မှုများရရှိကာ ရုရှားထိန်းချုပ်ထားသော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းထုတ်ပြန်
ခါကိဗ်တွင် ဒုံးကျည်ထိမှန်ကာ မီးလောင်နေသော လူနေတိုက်တန်းလျားတစ်ခု၌ ယူကရိန်းမီးသတ်သမားများ မီးငြှိမ်းနေပုံကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Photo-AFP)
ခါကိဗ်တွင် ဒုံးကျည်ထိမှန်ကာ မီးလောင်နေသော လူနေတိုက်တန်းလျားတစ်ခု၌ ယူကရိန်းမီးသတ်သမားများ မီးငြှိမ်းနေပုံကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Photo-AFP)
Published 12 September 2022
Ref:AFP

ရုရှားက လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တု့ံပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်းက စွပ်စွဲပြောကြားသော အရှေ့ပိုင်းရှိ မဟာဗျူဟာကျသော အီဇူမ်မြို့ကို ပြန်လည်သိမ်းပိုက်ခြင်းအပါအဝင် မိမိတို့၏ တန်ပြန်ထိုးစစ်တွင် လောလောလတ်လတ်တိုးတက်မှုများ ရရှိခဲ့သည်ဟု ယူကရိန်းက ကြေညာခဲ့သည်။

သီတင်းပတ်ကုန်နှစ်ရက်ဖြစ်သော စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားတပ်ကိုု တိုက်ခိုက်ခဲ့ရာတွင် စစ်ရေးအောင်မြင်မှုအသစ်များ ရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့ပြီး စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် အီဇူမ်မြို့ လွတ်မြောက်သွားပြီဟု ၎င်းက ကြေညာခဲ့သည်။

နယ်မြေဆုံးရှုံးသွားသည်ဟု မော်စကိုက ဝန်ခဲ့သည်။ မြို့ကြီးတစ်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယူကရိန်းက အတည်ပြုခြင်းမှာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား၏ စစ်ရေးရည်မှန်းချက်များကို ကြီးကြီးမားမားထိုးနှက်ချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ယူကရိန်းအရှေ့ပိုင်းဒေသသည် ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းမှာ အရပ်ဘက်အခြေခံအဆောက်အအုံများကို တမင်သက်သက်တိုက်ခိုက်သောကြောင့်ဖြစ်သည်ဟု ယူကရိန်းသမ္မတက ပြောကြားသည်။ ၎င်းက ရုရှားအကြမ်းဖက်သမားများကို အပြစ်တင်ခဲ့သည်။

“ခါကိဗ်နဲ့ ဒိုးနက်ဒေသတို့မှာ လုံးလုံးဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ ဇာပိုရီရှား၊ နီပရိုပက်ထရော့စကီးနဲ့ ဆူမီဒေသတို့မှာ တစ်စိတ်တစ်ပိုင်းပြတ်တောက်ခဲ့ပါတယ်” ဟု လူမှုမီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ဇယ်လန်းစကီးက ဖော်ပြခဲ့သည်။

“စစ်ဘက် အဆောက်အအုံတွေ မပါဝင်ပါဘူး။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေအလင်းရောင်နဲ့ အပူဓာတ် မရအောင်လုပ်တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ယူကရိန်းသမ္မတက ဖြည့်စွက်ဖော်ပြခဲ့သည်။

ဒေသတွင်းရှိ ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များက ရုရှားကို အပြစ်တင်ခဲ့သည်။ နောက်ပိုင်းတွင် ခရိုင်အချို့၌ ဓာတ်အားပြန်လည်ရရှိခဲ့သည်။

ခါကိဗ်ဒေသတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရုရှားတိုက်ခိုက်မှုကြောင့် ဝန်ထမ်းတစ်ဦးသေဆုံးခဲ့သည်ဟု ခါကိဗ်အုပ်ချုပ်ရေးမှူးအိုလက်ဆိုင်နီဂူဘော့က ပြောကြားခဲ့သည်။ ဓာတ်အားတစ်စိတ်တစ်ပိုင်း ပြန်ပေးခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း၌ ရုရှား၏ ဆုံးရှုံးမှုများကြီးမားခြင်းနှင့် တပ်ပြန်ဆုတ်ရခြင်းတို့ရှိခဲ့ပြီး ရုရှားတိုက်ခိုက်မှုများမှာ ထင်ရာစိုင်းလုပ်ရပ်ဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အိုလက်နီကိုလင်ကိုက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက်တွင် ရုရှားတိုက်ခိုက်မှုများက နေရာ ၁၅ ခုကို ထိမှန်ခဲ့သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အရှေ့ဘက်ရှိ ခရာမာတော့ရှ်မှသည် တောင်ဘက်ရှိ မိုင်ကိုလိုက်နှင့် ယင်းဒေသနှစ်ခုကြားတွင်ရှိသော နီပရိုတို့ကို ထိမှန်ခဲ့ကာ ခြောက်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။                                                                       

Most Read

Most Recent