သံဖြူဇရပ်မြို့၊ မြို့မရဲစခန်းရှေ့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းအား လာရောက်ပစ်ခတ်ခဲ့သူတစ်ဦး သေဆုံးခဲ့

သံဖြူဇရပ်မြို့၊ မြို့မရဲစခန်းရှေ့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းအား လာရောက်ပစ်ခတ်ခဲ့သူတစ်ဦး သေဆုံးခဲ့
Published 18 August 2022
ဘိုဘိုမြင့်

သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ မြို့မရဲစခန်းရှေ့တွင် ဩဂုတ်လ (၁၇) ရက် ည (၇) နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းအားလာရောက်ပစ်ခတ်ခဲ့သူတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ (ဩဂုတ်လ (၁၈) ရက်) ည (၇) နာရီဝန်းကျင်အချိန်ခန့်က အမျိုးသား (၄) ဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့် မြို့မရဲစခန်းရှေ့သို့ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

မနေ့ ည (၇) နာရီဝန်းကျင်လောက်ရှိမယ်။ ရဲစခန်းဘက်ကနေ ပစ်ခတ်သံတွေကြားလိုက်ရတယ်။ မနက်မှပဲ ရဲစခန်းကိုလာပစ်တဲ့သူတွေထဲက တစ်ယောက်ကို အသေဖမ်းမိတယ်လို့ကြားသိရတယ်။ ရဲစခန်းကလည်း မြို့လယ်မှာဆိုတော့ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ လူတွေကလည်း ပြေးကြလွှားကြနဲ့ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ် ဟု သံဖြူဇရပ်မြို့ခံတစ်ဦး ကပြောကြားသည်။

သေဆုံးခဲ့သူထံမှ လက်နက်၊ ကျည်ဆံများနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ သံဖြူဇရပ်မြို့မရဲစခန်းရှေ့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သံဖြူဇရပ်မြို့အဝင်၊ အထွက်နေရာများတွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အပြင် ဩဂုတ်လ (၁၈) ရက် နံနက် (၁၀) နာရီဝန်းကျင်အချိန်ခန့်ကလည်း သံဖြူဇရပ်မြို့တွင် ပေါက်ကွဲသံတစ်ချက်ကြားရပြီး၊ လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိထားသည့် လက်လုပ်မိုင်းတစ်လုံးအား ဖေါက်ခွဲဖျက်ဆီးဖြစ်နိုင်ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent