မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် သြဂုတ် ၆ ရက်က MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက် - ရန်ကုန်ပွဲမှ ဖြစ်ရပ်များအတွက် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယင်းဖြစ်ရပ်အတွက် သြဂုတ် ၈ ရက် နေ့လယ်ပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် အရေးယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနီကတ်ပြသခံရသည့် ကစားသမား သုံးဦးကို ဒဏ်ကြေးနှင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ပြီး ယင်းပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်လေးခုအတွက် နောက်ဆုံးအကြိမ် သတိပေးမှုများသာ ပြုလုပ်ခဲ့သည်။
ယင်းပွဲတွင် ရန်ကုန်အသင်းမှ ဝင်းနိုင်ထွန်းနှင့် ဇာနည်ထက်၊ ရှမ်းယူနိုက်တက်အသင်းမှ ဇင်မင်းထွန်းတို့မှာ ကိုယ်ထိလက်ရောက်ကျူးလွန်းသဖြင့် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး အသင်းသားများမှာ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို မကျေနပ်သဖြင့် ပြင်းထန်စွာစောဒကတက်ခဲ့သည့်အပြင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းစတင်ချိန်တွင် ကွင်းအတွင်းသို့ အချိန်မီဝင်ရောက်ခြင်းမရှိဘဲ ခုနစ်မိနစ် နောက်ကျခြင်းများရှိခဲ့သည်။ သြဂုတ် ၉ ရက် သတင်းထုတ်ပြန်မှုအရ ယင်းပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံရသည့် ရန်ကုန်ယူနိုက်တက်အသင်းမှ ဝင်းနိုင်ထွန်းနှင့် ဇာနည်ထက်၊ ရှမ်းယူနိုက်တက်အသင်းမှ ဇင်မင်းထွန်းတို့ကို နှစ်ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်တစ်သိန်းခွဲစီ ချမှတ်ခဲ့သည်။
ထို့ပြင် ရန်ကုန်ယူနိုက်တက် အသင်းသည် ဒုတိယပိုင်းစတင်ချိန်တွင် ကွင်းအတွင်းသို့ ခုနစ်မိနစ် နောက်ကျပြီး ဝင်ရောက်ခဲ့သည့်ဖြစ်ရပ်၊ ရှမ်းယူနိုက်တက်အသင်း အရန်ကစားသမားများဖြစ်သည့် ဇွဲခန့်မင်းနှင့် ဇွဲထက်မင်းတို့မှာ ဒိုင်လူကြီး၏ ခွင့်ပြုချက်မရဘဲ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့်ဖြစ်ရပ်၊ ရှမ်းယူနိုက်တက်အသင်း အုပ်ချုပ်သူ ဦးသီဟစည်သူသည် ကွင်းအတွင်း သတ်မှတ်နေရာတွင် ဆေးလိပ်သောက်နေသည့် ဖြစ်ရပ်၊ ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်နှင့် အသင်းတာဝန်ရှိသူ များသည် ဒိုင်လူကြီးအနားသို့ သွားရောက်ကာ ကြမ်းတမ်းစွာစောဒကတက်ခဲ့သည့် ဖြစ်ရပ်များကို နောက်ဆုံးအကြိမ် သတိပေးခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီးသည် ဆောင်ရွက်ချက် အားနည်းချက်များရှိသဖြင့် ဒိုင်ကော်မတီနှင့် ဒိုင်ဌာနတို့က လိုအပ်သလို အရေးယူပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြိုင်ပွဲကစားနေသည့်အချိန်အတွင်း သတ်မှတ်ထိုင်ခုံများတွင် တာဝန်ထမ်းဆောင်ရာတွင် အားကစားနှင့် မသင့်လျော်သော အပြုအမူများဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် အရက်သေစာ သောက်သုံးခြင်းမျိုး မပြုလုပ်ရန် ပြိုင်ပွဲကျင်းပရေးက တားမြစ်ကြပ်မတ်သွားရန် ညွှန်ကြားခဲ့သည်။
ဇွန် ၂၅ ရက်မှစ၍ ကျင်းပလျက်ရှိသည့် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်- ရန်ကုန်ပွဲမှာ ယခုရာသီ၏ ပထမဆုံး အရေးယူခံရသည့်ပွဲဖြစ်လာပြီး တစ်ပွဲတည်း အနီကတ် သုံးဦးပြသခံရသည့်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ယင်းပွဲတွင် ရှမ်းယူနိုက်တက်အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိပြီး ခုနစ်ပွဲဆက် အနိုင်ရလဒ်နှင့်အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။















