နယူးကာဆယ်အသင်း ခေါ်ယူလိုနေသည့် အသင်းတိုက်စစ်မှူး အီဆက်ခ်အား ရောင်းထုတ်မည်မဟုတ်ဟု ဆိုစီဒက်ဥက္ကဋ္ဌ အပါရီဘေး ပြောကြား

နယူးကာဆယ်အသင်း ခေါ်ယူလိုနေသည့် အသင်းတိုက်စစ်မှူး အီဆက်ခ်အား ရောင်းထုတ်မည်မဟုတ်ဟု ဆိုစီဒက်ဥက္ကဋ္ဌ အပါရီဘေး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 July 2022

ဆိုစီဒက်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အပါရီဘေးက နယူးကာဆယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး အီဆက်ခ်အား ရောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဆိုစီဒက်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ဆိုစီဒက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲတွင် (၁၀)ဂိုး သွင်းယူခဲ့သည့် အီဆက်ခ်အား ခေါ်ယူရန် ကစားသမား၏အေးဂျင့်နှင့် ဆွေးနွေးမှုများ ရှိနေကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

အသက် (၂၂) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်သည် ပြီးခဲ့သည့်ရာသီကမှ ဆိုစီဒက်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၇၀) ကျော်ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်ဇန်နဝါရီတွင် အာဆင်နယ်အသင်းသည် အီဆက်ခ်ကို ခေါ်ယူရန် လက်လျှော့ခဲ့ရဖူးပြီး လက်ရှိတွင်လည်း အသင်းဥက္ကဋ္ဌ အပါရီဘေးက အီဆက်ခ်ကို ရောင်းထုတ်မည်မဟုတ်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

အပါရီဘေးက ''အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ အီဆက်ခ် နဲ့ မီရီနိုတို့ကို ကျွန်တော်တို့ မရောင်းချင်ဘူးဆိုတာကို တခြားအသင်းတွေ သိကြပါတယ်။ သူတို့ကို ရောင်းထုတ်ဖို့ဆန္ဒမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

အီဆက်ခ်သည် ၂၀၁၉ တွင် ဒေါ့မွန်အသင်းမှ ဆိုစီဒက်သို့ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ပွဲ(၁၃၀)တွင် (၄၃)ဂိုးသွင်းယူထားသည်။ 

Most Read

Most Recent