၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင် ၂၂၄ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံခဲ့ရကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများ ဖျက်ဆီးခံခဲ့ရကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD HRD-T) ၏ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်အထိ ကောက်ယူရရှိထားသော စာရင်းများအရ ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း ၁၀၆ ကြိမ်ရှိကြောင်း ဖော်ပြထားသည်။
ကျူးကျော်ဖျက်ဆီးခံရသော အချိန်အများစုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်များတွင် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင်လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး အပါအဝင် ပါတီဝင် ၂၂၄ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဝရမ်းကပ်၊ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရနေချိန်အတွင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရုံးချုပ် (ဗဟိုရုံးချုပ်)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ဝင်ရောက်ရှာဖွေပြီး ပါတီ၏ စာရွက်စာတမ်းများ ယူဆောင်သွားခြင်း၊ ၂၀၂၁ ခုနှစ် မတ် ၂၆ ရက် နံနက်ပိုင်းတွင် ဟိုက်ဂျက်ကားတစ်စီးဖြင့် မီးကွင်းပစ်သွားခြင်းနှင့် ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက် ညပိုင်းတွင် ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း စသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဥပဒေနှင့် အရေးယူပေးရန် ဗဟန်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြား အမှုဖွင့်ထားကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပါတီဌာနချုပ်အဆောက်အအုံအား အဖွဲ့ချုပ်မှ တရားဝင်တာဝန်ပေး ခန့်အပ်ထားခြင်း မရှိသူများကလည်း အဖွဲ့ချုပ်ရုံးအဆောက်အအုံအတွင်းသို့ အကြောင်းအမျိုးမျိုးပြချက် ဝင်ရောက်ရန် ကြံစည်ကြိုးပမ်းခြင်းများလည်း ရှိနေကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်က ကျင်းပသော NLD ပါတီ ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ၊ တိုင်းနှင့်ပြည်နယ် တာဝန်ခံများ အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့ချုပ်ရုံးအား နည်းမျိုးစုံအကြောင်းပြ၍ ရုံးခန်းအဆောက်အအုံများ ဖွင့်လှစ်ရန် ကြိုးပမ်းနေသူများ၏ လုပ်ရပ်အပေါ် (လုံးဝ) ခွင့်ပြုခြင်းမရှိ ခွင့်မပြုကြောင်းနှင့် အဖွဲ့ချုပ်ရုံးခန်း အဆောက်အအုံများအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်လာပါကလည်း တရားဥပဒေအကြောင်းရလည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။