ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိစက်သုံးဆီ(ဆီပန့်)အရောင်းဆိုင်အချို့တွင် ဇွန် ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များ၌ ဓါတ်ဆီများအား အချိန်ပြည့်ဝယ်ယူ၍မရပဲ ဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပြီး၊ ထိုကဲ့သို့ဖြစ်သွားခြင်းမှာ ဆီသယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်မှာ လမ်းခရီး၌ပျက်၍ အချိန်ကြန့်ကြာနေသော ကြောင့်သာဖြစ်ပြီး ဇွန် ၂၈ ရက်နေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ရောင်းချပေးလျှက်ရှိကြောင်း တောင်ငူမြို့နယ် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရသိရ သည်။
တောင်ငူမြို့နယ်ကုန်စည်မြန်ဆန်စီးဆင်းရေးအဖွဲ့ဝင်ဖြစ်သူ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူက“ကျွန်တော်တို့ ကွင်းဆင်းကြည့်တဲ့အခါကျတော့သူတို့ကပုံမှန်တော့မပြတ်လတ်ကြပါဘူးတဲ့၊ ကားကဆက်သွယ်မှုလေးနဲနဲပြတ်သွားတဲ့အတွက် အလျဉ်မမှီဘူးဖြစ်သွားတယ်ပေါ့၊ သူတို့က စက်သုံးဆီအရောင်းကလုံးလုံးကြီးပြတ်သွားတာတော့ မဟုတ်ဘူး ဒီဇယ်နဲ့ပရီမီယံဆီကိုတော့ရောင်းပေးနေပါတယ် အထည့်များတဲ့ 92 95 က နဲနဲပြတ်လတ်သွားတာပေါ့၊ သူတို့ကပိတ်ပြီးတော့မှ လုံးလုံးကြီးမရောင်းပေးတာမျိုးတော့မဟုတ်ပါဘူး၊ ဆီသယ်လာတဲ့ ဘောက်ဆာယာဉ်က သတ်မှတ်တဲ့အချိန်မှီ ရောက်ရမယ့်ဟာကိုလမ်းမှာစက်ချို့ယွင်းမှုဖြစ်တဲ့အခါကျတော့အလျဉ်မမှီလိုက်ဘူးဖြစ်သွားတာပေါ့၊ နဲနဲလေး လမ်းမှာကြံ့ကြာသွားတဲ့အခါကျတော့ဒီဘက်ကရောင်းနေတဲ့အပေါ်ကိုအလျဉ်မမှီဘူးဖြစ်သွားတာပါ၊ အခုတော့အဲ့ပြသာနာကမရှိတော့ပါဘူး ဆီသယ်လာတဲ့ ဆီဘောက်ဆာကားကကောင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် အချိန်မှီရောက်လာလို့ပြန်ရောင်းနေပြီပေါ့နော်” ဟုပြောကြားသည်။
တောင်ငူမြို့ရှိ စက်သုံးဆီ(ဆီပန့်)အရောင်းဆိုင်အချို့မှမှ ဇွန် ၂၈ရက်နေ့တွင် 92 တစ်လီတာ ၂၂၄၅ ကျပ်၊ 95 တစ်လီတာ ၂၃၅၅ ကျပ်၊P-Diesel ဆီ တစ်လီတာ ၂၆၇၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာ ၂၆၄ဝကျပ်တို့ဖြင့်လည်းကောင်း၊ အချို့ဆိုင်များတွင် 92 တစ်လီတာလျှင် ၂၃ဝဝကျပ်၊95 တစ်လီတာလျှင် ၂၃၅၀ ကျပ်တို့ဖြင့်လည်းကောင်းရောင်းချပေးလျှက်ရှိကြောင်းသိရသည်။
တောင်ငူမြို့တွင်စက်သုံးဆီ(ဆီပန့်)အရောင်းဆိုင်များမှာတစ်ဆိုင်နှင့်တစ်ဆိုင်ဈေးနှူန်းတူညီမှုမရှိပဲ ထိုသို့ကွာခြားနေခြင်းမှာစက်သုံးဆီ(ဆီပန့်)အရောင်းဆိုင်ငယ်များအနေဖြင့်ဆီဆိုင်ကြီးများ၊ ကုမ္မဏီကြီးများထံမှ တစ်ဆင့် ပြန်လည်ရောင်းချနေရသောကြောင့် သယ်ယူစရိတ်၊ လုပ်သားစရိတ်တို့ပိုမိုကုန်ကျသဖြင့် ဆီပန့်အရောင်းဆိုင်ကြီး၊ ကုမ္မဏီကြီးများနှင့်တန်းတူ ဈေးနှူန်းတူရောင်းချနိုင်ခြင်းမရှိ၍ ဆီပန့်အရောင်းဆိုင်ငယ်များတွင် ဆီဈေးနှူန်းပိုကြီးကာဆိုင်ကြီးများမှရောင်းချသောဈေးနှင့် ဈေးနှုန်းများကွာဟနေခြင်းဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းကွာဟာသည့်အခြေအနေနှင့်ပတ်သက်ပြီး“တစ်ချို့ဆီဆိုင်သေးလေးတွေဘာတွေက သူတို့က စွမ်းအင်မှာတော့ဆီလိုင်စင်တွေဘာတွေရှိတယ် လုပ်ထုံးလုပ်နည်းနဲ့လည်း အကုန်ညီညွတ်တယ်၊ဒါပေမယ့်သူတို့က ဆီဆိုင်ကြီးတွေ ကုမ္မဏီကြီးတွေလို ကားစင်းလုံးလိုက်ဆီဘောက်ဆာကြီးတွေနဲ့ အဲ့လိုမျိုးတွေ ရှယ်ယာမထည့်နိုင်တဲ့အခါကျတော့ဒီကနေပြီးတောပဲ တစ်ချို့ဆိုင်ကြီးတွေဆီကနေခွဲပြီးတော့ပေါ့နော်ပြန်ပြီးတော့ ဝယ်ပြီးပြန်ရောင်းရတာပေါ့၊ အဲ့ဒီအခါကျတော့ သူတို့ဆီကနေ ဘောက်ဆာကားလေးနဲ့ ပြန်ပြီးတော့ပြန်ကဲ့လိုက်ရတာတွေရှိတယ် လုပ်သမားခနဲ့ဘာနဲ့ကျတော့အစစအရာရာလေးတွေ ပြန်တင်လိုက်တဲ့အခါကျတော့ ၁၀ ကျပ်၊၁၅ ကျပ်လေးတွေ ကွာသွားတာတော့ရှိပါတယ်၊ သူတို့ကလည်းဆီဆိုင်ဖွင့်ထားတဲ့အခါကျတော့ မရောင်းလို့ကလည်းမရဘူး ရောင်းရတဲ့အခါကျတော့ဒီလိုမျိုးတွေ ကုမ္မဏီကြီးတွေဆီကနေ ပြန်ယူရတော့
တစ်ဆင့်ခံသဘောမျိုးတွေဖြစ်နေတဲ့အခါကျတော့ တစ်ခါတစ်လေ ၁၅ ကျပ်လောက်အထိစွန်းနေတာတွေတော့ရှိတာပေါ့” ဟု တောင်ငူမြို့နယ်ကုန်စည်မြန်ဆန်စီးဆင်းရေးအဖွဲ့ဝင်မှတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။















