ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်အား အမျိုးသားနှစ်ဦးက မီးပုလင်းဖြင့်ပစ်ပေါက်မှု ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဇွန် ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွာမပရိယတ္တိစာသင်တိုက်အား မီးပုလင်းဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက အဆိုပါ စာသင်တိုက်ဘေးရှိ မြို့ပတ်လမ်းဘက်မှ မီးပုလင်းနှစ်ခုဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့မီးပုလင်းဖြင့် ပစ်ပေါက်မှုကြောင့် ရွာမပရိယတ္တိစာသင်တိုက်အတွင်းရှိ သုံးထပ် ကျောင်းဆောင်အုတ်နံရံအားထိမှန်ခဲ့ပြီး ဒုတိယထပ်ရှိ ပြတင်းပေါက်မှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။















