၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်သြဇာလွှမ်းမိုးခြင်းများကြောင့်ဟုဆိုကာ သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲထားသည့်အမှုဖြင့် ဇမ္ဗူသီရိမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး (၁) ရုံးထိုင်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ဇွန် ၃ ရက်က စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများ အရ သိရသည်။
အထက်ပါအမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ တရား စွဲဆိုထားခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို စွဲချက်တင်လိုက်သည့် အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေများအဖြစ် တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင် တို့ကို စွပ်စွဲခံရသူများ၏ ရှေ့နေများက တင်ပြထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ် လာသည့်သတင်းများအရ သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၂၀ ဦးအထိ တင်ပြခဲ့သော်လည်း တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်နှင့် တရားလိုပြသက်သေများဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းမင်းထက်၊ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်း၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦးတို့ကို စစ်ဆေးခဲ့ပြီး နောက် ကျန်သက်သေများအား တရားလိုဖြစ်သူ သက်သေစာရင်းမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယခုအမှုနှင့်ပတ်သက်၍ ဇွန် ၃ ရက် တွင် ထပ်မံရုံးထုတ်စစ်ဆေးရန်ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေများအား စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။















