ဓါတ်ပုံ - ရှမ်းအရှေ့သတင်းမဏ္ဍိုင်
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ( ၁၉၉) ဦးကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လာအိုနိုင်ငံမှ ပြန်လည်ပို့ဆောင်ခဲ့ရာ မြန်မာတာဝန်ရှိသူများလက်ခံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လာအိုနိုင်ငံ မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် လာအိုနိုင်ငံ ရွှေတြိဂံဒေသ ၌ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး မိမိဆန္ဒအလျှောက် ပြန်ဝင်လာသူ အမျိုးသား ၁၅၁ ဦး၊အမျိုးသမီး ၄၈ ဦးစုစုပေါင်း ၁၉၉ ဦးကို လာအိုနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ရာ
ယနေ့နံနက် ၁၀ နာရီအချိန် ခန့်က တာချီလိတ်ခရိုင် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်နှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန် ၁၉၉ ဦးအား ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ၌ နေရပ်ပြန်များအားလုံး COVID-19 ပိုးကင်းစင်ကြောင်းသိရပြီး ၎င်းတို့အား စံလင်းဖြိုး Quarantine Centre တွင် ၇ ရက်ကြာထားရှိကာ ကျန်းမာရေးစစ်ဆေးမှု ၂ ကြိမ် ထပ်မံခံယူ ပြီး၍ ရောဂါကင်းစင်သူများကို မိမိနေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
၎င်းရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိပြီး ခရိုင်/မြို့နယ် ကြက်ခြေနီ အသင်းက အုပ်ချုပ်ရေးနှင့်လူမှုရေး ကူညီစောင့်ရှောက်ပေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။















