မေလ (၂၈) ရက်တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရီးယဲလ်မက်ဒရစ်အသင်းကို လီဗာပူးလ်အသင်း ဂိုးပြတ်အနိုင်ယူလိမ့်မည်ဟု မိုက်ကယ်အိုဝင်က Daily Mail နှင့် တွေ့ဆုံမှုတွင် သုံးသပ်ခဲ့သည်။
လီဗာပူးလ်အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သည့် မိုက်ကယ်အိုဝင်သည် အသင်းအတွက် ပြိုင်ပွဲစုံ (၂၉၇) ပွဲကစားကာ (၁၅၈) ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက် (၂၄) နှစ်အရွယ် ၂၀၀၄ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ထို့ကြောင့် အသင်းဟောင်းနှစ်သင်း ပြန်လည်ဆုံ တွေ့မည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပေါ် အိုဝင်က ''လီဗာပူးလ်က မက်ဒရစ်ထက် ပိုကောင်းတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ သူတို့ (လီ ဗာပူးလ်)က ပြိုင်ဘက်ကို လွင့်စင်ထွက်သွားအောင် စွမ်းဆောင်နိုင်မှာ ပါ။ ၃-၁၊ ၃-၀ က ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပေါ့။ လီဗာပူးလ်အနေနဲ့ ရီးယဲလ်ကို အနိုင်ယူမယ်ဆိုတာ လက်တွေ့ကျတဲ့အမြင်လို့ ကျွန်တော် ယူဆထားပါတယ်။ သူတို့က လက်ရှိအချိန်မှာ ထူးခြားတဲ့အသင်းကောင်းတစ်သင်းပါ။ မက်ဒရစ်အတွက်တော့ ကောင်းလွန်းတဲ့ ပြိုင်ဘက်အသင်းတစ်သင်းပေါ့။ မက်ဒရစ်က ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ထူးထူးခြားခြား စွမ်းဆောင်ပြခဲ့ပါတယ်''ဟု အိုဝင်က သုံးသပ်ခဲ့သည်။
ထို့ပြင် အိုဝင်က ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာသည် အဓိကလက်နက်တစ်ခုဖြစ်လာနိုင်သည်ဟု နည်းပြ ယာဂန်ကလော့ပ်အားသတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။















