■ ရူးသွပ်ဖွယ်ကောင်းသည့် ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် သုံးသပ်

■ ရူးသွပ်ဖွယ်ကောင်းသည့် ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် သုံးသပ်
Photos : LMA Twitter
Photos : LMA Twitter
Published 26 May 2022

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ရူးသွပ်ဖွယ်ကောင်းသည့် ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု LMA ဆုပေးပွဲအခမ်းနားတွင် သုံးသပ်ပြောကြားခဲ့သည်။

ကလော့ပ်အနေဖြင် ၂၀၂၁-၂၂ ရာသီအတွက် ချီးမြှင့်ခဲ့သည့် နည်းပြအကောင်းဆုံးဆုများကို သိမ်းကျုံးရယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က လန်ဒန်မြို့တွင် လိဂ်မန်နေဂျာများအဖွဲ့ချုပ်(LMA)မှ ချီးမြှင့်သည့် ၂၀၂၁-၂၂ ရာသီ LMA အကောင်းဆုံးနည်းပြဆုနှင့် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုများ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ထို့ ပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချီးမြှင့်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကိုလည်း ရရှိခဲ့သည်။

၎င်းသည် အဆိုပါဆု နှစ်ခုစလုံးကို ၂၀၂၀ ပြည့်နှစ်က ရရှိခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သည်။

LMA အကောင်းဆုံးနည်းပြဆု လက်ခံရရှိပြီးနောက် ကလော့ပ်က ''ဒါက ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုခံရမှုပါပဲ။ ကျွန်တော်တို့ ရူးသွပ်ဖွယ်ကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ အသင်းအားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြတာပါ။ ထွက်လာတဲ့ရလဒ်ကတော့ ကျွန်တော့်တို့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒါက ပြီးသွားပါပြီ။ ဒီဆုကိုရရှိတာ ကျွန်တော်တို့ရဲ့နည်းပြအဖွဲ့ဝင်တွေကြောင့်ပါပဲ။ သူတို့ကို ကျွန်တော် ဘယ်လောက်အသိအမှတ်ပြုတယ်ဆိုတာ သူတို့သိပါတယ်''ဟု ပြောကြားခဲ့သည်။

ကလော့ပ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းကို လိဂ်(Carabao)ဖလားနှင့် FA ဖလားတို့ကို ရရှိအောင် ဦးဆောင်ပေး နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံ မန်စီးတီးအသင်းကို တစ်မှတ်အကွာ ဖြင့် နောက်ဆုံးအချိန်ထိ ဖိအားပေးနိုင်ခဲ့သည်။

ကလော့ပ်အား LMA အကောင်းဆုံးနည်းပြဆုကို မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက ''ဒေါသထွက်စရာပါ။ လုံးဝကို ဒေါသထွက်စရာကောင်းတာပါ။ လွန်ခဲ့တဲ့၁၂ နှစ်က သမိုင်းကြောင်းရှိတဲ့အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ သူ့ကို ကျွန်တော် အကြံပေးခဲ့ပါတယ်။ တကယ်တော့ သူ့ကို စကန်သော့ပ်အသင်းကို ကိုင်တွယ်လို့ ပြောခဲ့ရမှာပါ''ဟု ကလော့ပ်ကို နောက်ပြောင်ပြောကြားခဲ့သည်။

Most Read

Most Recent