မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သည့်အနက် ၁၄ ဒသမ ၄ သန်းခန့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar)က မေ ၂၄ ရက် တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော လူ ၂၅ သန်းမှာလည်း ဆင်းရဲမွဲတေမှုနှင့် တွေ့ကြုံနေရကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု အစီအစဉ်ဖြင့် အကူအညီလိုအပ်နေသည့် လူပေါင်း ၆ ဒသမ ၂ သန်းကို ကူညီရန် လျာထားကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နေရပ်စွန့်ခွာသူဦးရေ ၅၉၀၁၀၀ အပါအဝင် စုစုပေါင်းမှာ ယခုနှစ် မေ ၂ ရက် အထိ ၉၃၆၇၀၀ ဦးရှိပြီဖြစ်ကြောင်း OCHA Myanmar က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း အထူးသဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လုံခြုံရေးအခြေအနေတင်းမာနေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများရှိခဲ့ပြီး ဘီးလင်းတွင် ၈၄၆၀ ဦး၊ ကြာအင်းဆိပ်ကြီးတွင် ၄၇၅၀ ဦးနှင့် မြဝတီတွင် ၅၀၀ ဦးရှိခဲ့ကြောင်း ကုလသမဂ္ဂကိန်းဂဏန်းများအရ သိရသည်ဟု OCHA Myanmar က ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လုံခြုံရေးအခြေအနေအတက်အကျအပေါ်မူတည်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဘီးလင်းမြို့နယ်ထဲမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေ ၁၀၀၀ ကျော်မှာ နေရပ်ပြန်ခဲ့ကြကြောင်း OCHA Myanmar က ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် လူ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရကြောင်း OCHA Myanmar က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှစ၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် လုံခြုံဘေးကင်းမှုမရှိသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်ပင် နေရပ်စွန့်ခွာသူဦးရေသည် ယခုနှစ် မေ ၂ ရက်အထိ ကိန်းဂဏန်းများအရ ၂၄၉၅၀၀ ဦးရှိကြောင်း OCHA Myanmar က ထုတ်ပြန်ထားသည်။
မဖြစ်မနေ လိုအပ်သည့်အကူအညီများပေးရန် ပဋိပက္ခဒဏ်သင့်ရာဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာကူညီပေးခွင့် အလျင်အမြန်ရရှိရန် လိုအပ်နေကြောင်း OCHA Myanmar က ထုတ်ပြန်ခဲ့သည်။















