စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ပထွက်ခွာခွင့် မပြုရန် လုပ်ဆောင်နေခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဧပြီ ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော်တို့ အစိုးရအနေနဲ့တော့ စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းရှင်များကို ပြည်ပ ထွက်ခွာခွင့်မပြုဖို့ အစိုးရက လုပ်နေတယ်ဆိုပြီး ကောလာဟလတွေ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဒီသတင်းတွေဟာ မဟုတ်ပါဘူး" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အစိုးရအနေဖြင့် ဘဏ်လုပ်ငန်းများ အပါအဝင် စီးပွားရေးကဏ္ဍများတွင် စည်းစနစ်တကျပြုလုပ်စေရန်၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ခြင်းများ မရှိစေရန်အတွက် ခေါ်ယူတွေ့ဆုံမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်းမှာ ဘဏ်တွေနဲ့ပတ်သက်ပြီး အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ ဘဏ်ကြီးအချို့ကို အစိုးရအနေနဲ့ ဆက်လက်ရပ်တည်နိုင်ရေး ကူညီပေးခဲ့ရပါတယ်။ ဘဏ်ကြီးအချို့ဟာ ပြိုလဲကာနီးအခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဆက်လက်ရပ်တည်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကအချက်ကတော့ စည်းကမ်း၊ နည်းလမ်းမကျစွာ လုပ်ဆောင်ခဲ့သူတွေရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်တွေ စည်းစနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ခဲ့ပါတယ်။ အခုထိလည်း ကျွန်တော်တို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းစဉ်အများစုက ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်မှု ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အများစုသည် တစ်နည်းအားဖြင့် ဘဏ်လုပ်ငန်းပိုင်ရှင်တွေလည်းဖြစ်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံရတာတွေ၊ ဆွေးနွေးရတာတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မျိုးစုံ ကောလာဟလ ထုတ်လှွင့်နေတာပဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း သူတို့အနေနဲ့ ပြည်ပ ခရီးသွားလာမှုတွေ ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေမှာ စည်းကမ်းနည်းလမ်းမကျစွာ ဆောင်ရွက်နေမှုတွေ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်နေမှုများကို ပြန်လည်တည့်မတ် လမ်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါတွေ ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အနာဂတ်အတွက်ပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေမှာ စည်းစနစ်တကျ ခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတတ်လာဖို့ ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်" ဟု ပြောကြားသည်။
လက်ရှိတွင် မြန်မာပြည်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များထဲတွင်ပါဝင်သော ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရှွေနှင့် ၎င်း၏ သားဖြစ်သူ ဦးဇေသီဟတို့ ဖမ်းဆီးထားသကဲ့သို့ ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင် ကိုလည်းတီကျစ်တွင်ဆောင်ရွက်သည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ အဂတိဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။
ထို့ပြင် ၂၀၂၂ ခုနှစ် မေ ၉ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားရောက်ရန်အတွက် စောင့်ဆိုင်းနေသော ကမ္ဘောဇဘဏ်တည်ထောင်သူ ဦးအောင်ကိုဝင်း၏သမီးဖြစ်သူ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်ခမ်းအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်နန်းလိုင်ခမ်းအား ထိန်းသိမ်းစစ်ဆေးနေခြင်းမရှိကြောင်း နစကဘက်မှ ပြန်လည်ရှင်းလင်းထားသည်။
Write to Kyaw Zin Win















