သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်း ဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးခန့်နိုင် ဖမ်းဆီး ခံရကြောင်း သိရသည်။
သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်း ဖြစ်သူ ဦးခန့်နိုင်အား ဧပြီ ၂၇ ရက် ည ၁၁ နာရီ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် (၃၀) ရပ်ကွက် သုဝဏ္ဏ နှင်းဆီနီလမ်းရှိ ၎င်းတို့၏နေအိမ်၌ ဧည့်စာရင်းစစ်မည်ဟုဆိုကာ လာရောက်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။
“အိမ်ရှေ့မှာ ရဲတွေရောက်နေပါတယ်။ဧည့်စာရင်းစစ်ဖို့လို့တော့ပြောတယ်။ ဒါပေမဲ့ ခေးအဖေကို လာခေါ်တာလားမသိဘူး။ ရဲတွေ အများကြီး သေနတ်နဲ့ ရောက်နေကြပါတယ်”ဟု ၎င်း၏သမီးဖြစ်သူ စံထိပ်ထားဦးက လူမှုကွန်ရက်စာမျက်နှာထက်မှတစ်ဆင့် တိုက်ရိုက်လွှင့်ကာ ပြောကြားခဲ့သည်။
အဆိုပါ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဦးခန့်နိုင်မှ အိမ်ထောင်စုစာရင်းတောင်းတာဟု သမီးဖြစ်သူအား ပြောကြားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် စံထိပ်ထားဦးက လူမှုကွန်ရက် စာမျက်နှာတွင် “ဖေ့ဖေ့ကို ခေါ်သွားပါပြီ”ဟု ထပ်မံရေးသားခဲ့သည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား ချီးမြှင့်ထားသည့် လူမှုထူးချွန်ဆု (ဒုတိယအဆင့်) အား ပြန်လည် ရုပ်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပြီးနောက် ၎င်း၏ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လူရွှင်တော် ကောင်းကျော်မှာ သာကေတမြို့နယ်နေအိမ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။















