စစ်ကိုင်း- ရွှေဘိုလမ်းတွင် မိုင်းပေါက်ကွဲ မှုကြောင့် ဆွမ်းခံကြွသည့် ကိုရင်သုံးပါးအနက် နှစ်ပါးပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာ မန္တလေး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် နံနက် ၈ နာရီခွဲ ကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းထိမှန်ခဲ့သည့် ကိုရင်သုံးပါးမှာ ဆယ်ကျော်သက်အ ရွယ်များဖြစ်သည်။
“မနက်က လမ်းပေါ်မှာ အုံးကနဲအသံ ကြားလိုက်ပြီး မီးခိုးတွေ တက်လာတဲ့အချိန် လှမ်းကြည့်လိုက်တော့ကိုရင်သုံးပါး လဲနေ တာကိုတွေ့လိုက်ရတယ်” ဟု ဖြစ်စဉ်ကိုမျက် မြင်တွေ့ရှိခဲ့သည့်ဒေသခံတစ်ဦးက ပြောကြားသည်။
မိုင်းထိမှန်ခဲ့သည့်ကိုရင် သုံးပါးကို စစ်ကိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာတွင် နှစ်ပါး မှာဆေးရုံတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ ကျန် တစ်ပါးကိုလည်း မန္တလေးဆေးရုံသို့ ထပ်မံပို့ ဆောင်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
“ကိုရင်နှစ်ပါးက ဆေးရုံရောက်ရောက် ချင်းပဲ ပျံလွန်တော်မူသွားတယ်။ ခေါင်းကိုထိ သွားတယ်။ ကျန်တဲ့တစ်ပါးကိုတော့ မန္တလေး ဆေးရုံကို ထပ်ပို့လိုက်ရတယ်” ဟု ဒေသခံတစ် ဦးက ပြောကြားသည်။
ပျံလွန်တော်မူခဲ့သည့် ကိုရင်နှစ်ပါးမှာ ရှင်သောနန္ဒ (၁၀ နှစ်) နှင့်ရှင်ဓမ္မနန္ဒ (၁၀ နှစ်)တို့ဖြစ်ပြီး ဆားတောင်မြို့နယ် သိမ်ချောင်း ကျေးရွာ ရန်ကင်းစန္ဒမုနိကျောင်းတိုက်မှဖြစ် ပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရ သည့် ကိုရင်မှာ ရှင်ပညာနန္ဒ (၁၃ နှစ်) ဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း သတင်းထုတ် ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ် မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းဖော်ပြထားသည်။















