ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းမှစတင်၍ အေစီမီလန်အသင်းကို ဘာရိန်းအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Investcorp မှ ဝယ်ယူရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုအခါ အဆိုပါသတင်းများမှန်ကန်ကြောင်း ဗြိတိန်ရှိ ဘာရိန်းသံရုံးမှ အတည်ပြုခဲ့သည်။
အေစီမီလန်အသင်းကို လက်ရှိအချိန်တွင် အမေရိကန်စီမံခန့်ခွဲမှုကုမ္ပဏီ Elliott မှ ပိုင်ဆိုင်ထားပြီး ၎င်းတို့အနေဖြင့် ငွေကြေးအကျိုးအမြတ်များစွာ ရရှိပါကရောင်းထုတ်ရန်အသင့်ရှိနေသည်။
Elliott နှင့် Investcorp တို့ ကြားဆွေးနွေးမှုမှာ တိုးတက်နေပြီး ယူရို (၁)ဘီလီယံဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်သွားနိုင်ကြောင်းလည်း ဗြိတိန်ရှိ ဘာရိန်းသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် အီတလီသုံးထပ်ကွမ်း ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ စွန့်ခွာပြီးနောက်ပိုင်း အောင်မြင်မှုများနှင့်ဝေးကွာနေပြီး ပုံရိပ်ကျဆင်းနေခဲ့သည်။
ထို့ပြင် ပိုင်ရှင်အပြောင်းအလဲကြောင့် ဘဏ္ဍာရေး ပြဿနာများဖြင့် ရင်ဆိုင်နေရပြီး ကြွေးမြီများလည်းရှိနေကြောင်း သိရသည်။
Elliott လက်ထက်တွင် အေစီမီလန်အသင်း၏ ဘဏ္ဍာရေးဟန်ချက်တည်ငြိမ်အောင် အဓိကထား ကြိုးပမ်းခဲ့ရပြီး လက်ရှိအချိန်အထိ ကြွေးမြီ ယူရိုသန်း (၁၀၀)အနည်းဆုံးရှိနေသေးသည်။
အေစီမီလန်အသင်း၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ယူရို (၉၉၄ .၃)သန်းရှိပြီး Investcorp မှ အဆိုပါပမာဏထက် အနည်းငယ်ပိုများပြားသည့် ယူရို (၁)ဘီလီယံနှင့် ယူရို (၁ .၁)ဘီလီယံကြားပေးရန် စီစဉ်နေကြောင်း သိရသည်။
အီတလီကလပ်အသင်းများ၏ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ မာကိုဘယ်လီနက်ဇိုက Elliott ကြောင့် အေစီမီလန်အသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ဆိုးဆိုး ရွားရွားမဖြစ်ခဲ့ဘဲ လက်ရှိအချိန်တွင် စျေးကွက်ဝယ်လိုအားရှိသည့် အသင်းတစ်သင်းအဖြစ် ဆက်လက်တည်ရှိနေခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
''Elliott က အေစီမီလန်အမှတ်တံဆိပ်ကို တန်ဖိုးပြန်လည်မြှင့်တင်ပေးခဲ့ပါတယ်။ သူတို့က အကျိုးအမြတ်ရရင် ပြန်လည်ရောင်းထုတ်မှာဖြစ်ပြီး Investcorp ကတော့ ဆုဖလားအောင်မြင်မှုတွေနဲ့ ပြန်လည်ရင်းနှီးအောင် ငွေကြေးအသုံးပြုပြီး တည်ဆောက်ပေးမှာပါ}''ဟု မာကိုဘယ်လီနက်ဇိုက သုံးသပ်ခဲ့သည်။















