လီဗာပူးလ်အသင်း၏ နောက်ခံလူ ဗန်ဒိုက်က တစ်ရာသီအတွင်း ဖလား (၄)လုံး ရယူရန် ကိစ္စသည် မဖြစ်နိုင်သလောက်နီးပါးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ သမိုင်းဝင်အောင်မြင်မှုကို ရယူရန်မှာ မိမိတို့အသင်း၏ အိပ်မက်တစ်ခုဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လိဂ်ဖလားကို အရယူခဲ့ပြီး ယခုအချိန်အထိလည်း FA ဖလား၊ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ရန် မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။
ယာဂန်ကလော့ပ်၏ အသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို အနိုင်ရ ဗိုလ်စွဲထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် FA ဖလား ဆီမီးဖို်င်နယ် ပွဲစဉ်တွင်လည်း မန်စီးတီးအသင်းကို ကျော်ဖြတ်အနိုင်ယူကာ ချယ်လ်ဆီးအသင်းနှင့် ထပ်မံဆုံတွေ့ဦးမည်ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗီလာရီးယဲလ်အသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် ဆုံတွေ့နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ မန်စီးတီးအသင်း၏နောက် တစ်မှတ်အကွာ၌ ရပ်တည်လျက်ရှိသည်။
ဗန်ဒိုက်က ''ဘယ်သူမှ ဖလား (၄)လုံးအိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြဘူး။ ဒါဟာ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ လုပ်ဖို့အတွက် ဖြစ်နိုင်ခြေ မရှိသလောက်မို့ပါပဲ။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့အသင်းကို ဖလား (၄)လုံး သို့မဟုတ် (၃)လုံးဆိုပြီး ပြောနေကြတယ်။ ဒါဟာ ကျွန်တော်တို့အတွက်တော့ အပိုဖိအားဖြစ်စေတဲ့ အခြေအနေလို့လည်း ပြောနိုင်ပါတယ်။ ဒီအရာဟာ အားလုံးရဲ့အိပ်မက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ဆိုတာ အားလုံးလိုချင်တဲ့အရာပဲလေ။ ကျွန်တော်တို့လည်း ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ တခြားအသင်းတွေလည်း အတူတူပါပဲ။ ကျွန်တော်တို့လည်း ဒီအရာကို တကယ်ဖြစ်လာစေချင်တဲ့ အိပ်မက်ရှိပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။
နယ်သာလန်လက်ရွေးစင်တစ်ဦးဖြစ်သည့် ဗန်ဒိုက်သည် (၁၀)လကြာအနားယူနေရာမှ ပြီးခဲ့သည့် သြဂုတ်လကမှ ဘောလုံးပြန်ကစားနိုင်ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်ပြီးလည်း ၎င်းက ''ကျွန်တော် ဒီဘက်ကာလတွေမှာ ထိပ်တန်းအဆင့်ပုံစံမျိုး ပြသနိုင်တယ်လို့ မထင်ပါဘူး။ ကျွန်တော်က အမြင့်ဆုံးအဆင့်ကို နောက်ကျပြီးမှ ရောက်ခဲ့တာဖြစ်ပြီး ကျွန်တော် လုပ်ခဲ့တာတွေအတွက် အရမ်းပျော်ပါတယ်။ အခုအချိန်မှာ ကျွန်တော့်ရဲ့ပုံစံကို ဆက်ထိန်းထားချင်ပြီး ဒဏ်ရာပြဿနာတွေ မကြုံတွေ့ချင်ဘူး၊ ကြံ့ခိုင်မှုအမြဲ ပြည့်ဝနေချင်ပါတယ်''ဟု ဖွင့်ဟပြောကြားခဲ့သည်။















