ဂျူဗင်တပ်စ်အသင်း ပရိသတ်များသည် ဘိုလော့ဂ်နာအသင်းအား အိမ်ကွင်းတွင် (၁-၁)ဂိုးသရေကျခဲ့သည့် စီးရီးအေပွဲစဉ် (၃၃)အပြီးတွင် အသင်း၏နည်းပြဖြစ်သူ အယ်လီဂရီအား ဝေဖန်မှုများပြုလုပ်ခဲ့ကြပြီး ၎င်း၏နေရာတွင် လက်ရှိစပါးအသင်းအားကိုင်တွယ်နေသည့် အသင်း၏နည်းပြဟောင်း ကွန်တီအား အစားထိုးရန်ဆန္ဒရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၅၄)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ အယ်လီဂရီသည် ပြီးခဲ့သည့် ၂၀၂၁ ၊ ဇူလိုင်လမှစတင်ကာ ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်နေသူဖြစ်သည်။
အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းအား ၂၀၁၄-၁၅ ရာသီမှ ၂၀၁၈-၁၉ ရာသီအထိပထမအကြိမ်ကိုင်တွယ်ခဲ့ရာတွင် စီးရီးအေချန်ပီယံဆု (၅)ကြိမ်ဆက်၊ ကိုပါအီတာလီယာဖလား (၄)ကြိမ်ဆက်အပါအဝင် ပြည်တွင်းဆုဖလား (၁၁)လုံးအထိရယူကာ အောင်မြင်သည့်ကာလကိုပိုင်ဆိုင်ခဲ့သော်လည်း ယခုဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်ရာတွင်မူ ရလဒ်ဆိုးများဖြင့် ရုန်းကန်နေရသည့်အတွက် ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုများကို ခံနေရခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် အယ်လီဂရီလက်ထက် ယခုရာသီတွင် စီးရီးအေချန်ပီယံဆုမျှော်လင့်ချက် မှေးမှိန်သွားခဲ့ပြီဖြစ်သလို၊ ချန်ပီယံလိဂ်တွင်လည်း ဗီလာရီးယဲလ်အသင်းအား ရှုံးနိမ့်ကာ ရှုံးထွက် (၁၆)သင်းအဆင့်မှ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီး ဆုဖလားမျှော်လင့်ချက်ရှိနေသေးသော်လည်း ဂျူဗင်တပ်စ်အသင်းပရိသတ်များအနေဖြင့် အယ်လီဂရီ၏ အသင်းအပေါ်စီမံကိုင်တွယ်မှုများကို စိတ်ပျက် လျက်ရှိနေခြင်းဖြစ်သည်။
ထို့ပြင် ဂျူဗင်တပ်စ်အသင်းပိုင်ရှင်ဖြစ်သည့် အက်ဂ်နယ်လီမိသားစုမှာလည်း အယ်လီဂရီ၏ ယခုရာသီစွမ်းဆောင်ရည်အပေါ် စိတ်ပျက်လျက်ရှိနေပြီး ချန်ပီယံလိဂ်မှ စောစီးစွာထွက်ခွာခဲ့ရခြင်းမှာ ဆိုးရွားမှုဖြစ်ခဲ့သည်ဟု အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။
ဘိုလော့ဂ်နာအသင်းနှင့် သရေကျခဲ့သည့်ပွဲအပြီးတွင် ဂျူဗင်တပ်စ်အသင်းပိုင်ရှင်ဖြစ်သည့် အက်ဂ်နယ်လီမိသားစုဝင်တစ်ဦးက "ငါတို့ အလွန်မပျော်ရွှင်ဘူး အယ်လီဂရီရေ" ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းပရိသတ်များမှာလည်း #Allegri Out ဟူသော စာသားများဖြင့် ၎င်းတို့၏သဘောထားကိုပြသခဲ့ကြကြောင်း သိရသည်။
လက်ရှိစပါးအသင်းအားကိုင်တွယ်နေသည့် အီတလီလူမျိုးနည်းပြ ကွန်တီသည် ဂျူဗင်တပ်စ်အသင်းအား ၂၀၁၁-၁၂ ရာသီမှ ၂၀၁၃-၁၄ ရာသီအထိ (၃)ရာသီ ကြာကိုင်တွယ်ခဲ့ရာတွင် စီးရီးအေချန်ပီယံဆု (၃)ကြိမ်ရယူပြီး အီတလီဘောလုံးလောကအား ဂျူဗင်တပ်စ်အသင်း ပြန်လည်လွှမ်းမိုးစေရန် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။















