မုန်တိုင်းငယ်သည် လာမည့် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မတ် ၂၂ ရက် နေ့လယ်ပိုင်း၌ ဟိုင်းကြီးကျွန်းအနီး ဝင်ရောက်ရာတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း၌ တစ်နာရီလေတိုက်နှုန်း ၅၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မတ် ၂၁ ရက် ည ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် လာမည့် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါအားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေစဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အလားတူ မတ် ၂၂ ရက် နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ မတ် ၂၃ ရက် နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။















