၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေ ၆ ဒသမ ၂ သန်းကို လူသားချင်းစာနာသည့် ထောက်ပံ့မှုအကူအညီများပေးနိုင်ရန် ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၈၂၆ သန်း စံချိန်တင်တောင်းခံခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းအနက် ၂၅ သန်းသည် ဆင်းရဲကျပ်တည်းမှုနှင့်ရင်ဆိုင်နေရပြီး ကလေးငယ်ငါးသန်းအပါအဝင် ၁၄ ဒသမ ၄ သန်းသည် လူသားချင်းစာနာထောက်ပံ့မှုအကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းက ခန့်မှန်းထားသည်။
အကူအညီလိုနေသူများထဲမှ အရေးတကြီးအကူအညီလိုအပ်နေသည့် ၆ ဒသမ၂ သန်းကို ထောက်ပံ့နိုင်အောင် ကုလသမဂ္ဂက ယမန်နှစ်ကတောင်းခံခဲ့သည့် ငွေပမာဏထက် ယခုနှစ်တွင် နှစ်ဆကျော်တိုးပြီး အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်း၊ ကိုဗစ်ကပ်ရောဂါတို့ပေါင်းပြီး လူဦးရေထက်ဝက်သည် စားဝတ်နေရေး ကျပ်တည်းလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ကူညီရေးဆိုင်ရာအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ယန်စ်လယ်ကာက ဂျနီဗာသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နေရပ်စွန့်ခွာပြောင်းရသူ လေးသိန်းကျော်ရှိပြီး အချို့သည် ထိုင်းနှင့်အိန္ဒိယနိုင်ငံ နယ်စပ်များကိုဖြတ်ကျော်သွားကြသလို အချို့ကလည်း တောထဲတွင် စားစရာ၊ နေစရာ ၊ ဆေးဝါးအကူအညီ အလုံအလောက်မရှိကြဘဲ ခိုလှုံနေကြကြောင်း ယန်စ်လယ်ကာက ပြောဆိုခဲ့ကာ ဒုက္ခသည်များရှိသည့် နေရာများကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးပို့နိုင်အောင် လူသားချင်း ကူညီစာနာရေးအဖွဲ့များကို ထိတွေ့ဆက်သွယ်ခွင့်ပြုပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။















