PSG တိုက်စစ်မှူး နေမာနှင့် တွေ့ဆုံခြင်း

PSG တိုက်စစ်မှူး နေမာနှင့် တွေ့ဆုံခြင်း
PHotos: Getty Images
PHotos: Getty Images
Published 21 October 2018

 

မေး ■ မင်္ဂလာပါ နေမာရေ။ ဒီရာသီမှာတော့ လက်ရွေးစင်အတွက်ကော ကလပ်အသင်းမှာပါ အင်ပြည့်အားပြည့် ကစားနေတာကို မြင်ရတယ်။ ကမ္ဘာ့ဖလားက ဒဏ်ရာတွေကော ကျက်ပြီလို့ ပြောရမလား။

ဖြေ ■ ဟုတ်ကဲ့။ အဲလိုပဲပြောရမှာပေါ့။ အဲဒီလို နေသားတကျဖြစ်ဖို့အတွက် အချိန်တစ်ခုတော့ ပေးခဲ့ရတယ်။ ကမ္ဘာ့ဖလားမှာ ကျရှုံးခဲ့မှုက ကျွန်တော့်ဘဝမှာ ဝမ်းအနည်းရဆုံး ခံစားချက်တစ်ခု ဖြစ်ခဲ့တာပေါ့။ နာကျင်မှုက အရမ်းကြီးမားခဲ့တော့ ဘောလုံးပြန်ကစားနိုင်ဖို့ကို တော်တော်လေး အားပြန်ယူခဲ့ရတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီအခိုးအငွေ့တွေ ကင်းသွားပါပြီ။ ကျွန်တော်တို့က အရှုံးထဲမှာ အကြာကြီးနစ်နေလို့ မဖြစ်ဘူးလေ။ မိသားစုကို အချိန်ပေးရမယ်။ လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်ရဦးမယ်။ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေအတွက် လျှောက်ရမယ့်လမ်းတွေ ကျန်သေးတယ်လေ။

မေး ■ နည်းပြတူဟယ်လ်ရဲ့လက်အောက်မှာ ခင်ဗျားရဲ့ကစားပုံက No 10 Role ပိုဆန်လာတာကို မြင်ရတယ်။ အဲဒီလို ကစားရတာကိုရော ကျေနပ်မှုရှိရဲ့လား။

ဖြေ ■ လက်ရှိကျွန်တော်ကစားရတဲ့ နေရာကို သဘောကျပါတယ်။ ဒီနေရာမှာကစားရတာက ပွဲကို ကိုယ့်ခြေကိုယ့်လက်ဖြစ်အောင် လုပ်လိုက်လို့ရတယ်။ ဒါက ကျွန်တော့်အကြိုက် ကစားဟန်ပဲ။ နောက်ပြီး အသင်းဖော်တွေကိုလည်း ပိုပြီးကူညီနိုင်တယ်လို့ထင်တယ်။ ဘာစီလိုနာမှာ မက်ဆီက အဲဒီလိုကစားနေတာ ခင်ဗျားတို့လည်း မြင်မှာပါ။ ကျွန်တော်လုပ်ရတဲ့တာဝန်က မက်ဆီနဲ့တော့ နည်းနည်းကွာတာပေါ့။

မေး ■ ဘာပေကတော့ ခင်ဗျားက သူ့ထက်ပိုကောင်းပြီး ပိုကျော်ကြားတဲ့ကစားသမားလို့ ပြောထားတယ်။ ခင်ဗျားရော သူ့ကို ဘယ်လိုမြင်သလဲ။

ဖြေ ■ ဘာပေက တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီထက်ပိုကောင်းလာဖို့လည်းရှိတယ်။ ပြီးတော့ ဒီကလေးကို ကျွန်တော်ချစ်တယ်။  ကျွန်တော်တင်မဟုတ်ဘူး။ ကျွန်တော့် သားကလည်း ဘာပေကို ချစ်တယ်။ ကျွန်တော့်သားက လေ့ကျင့်ရေးကွင်းကိုလိုက်လာရင် ဘာပေနဲ့ ဓာတ်ပုံရိုက်ဖို့၊ ကစားဖို့ ကြိုးစားတော့တာပဲ။

မေး ■ ဘာပေက အသက်အရွယ်အရ အရမ်းငယ်သေးတော့ အလုပ်အတူတွဲလုပ်ရတဲ့အခါ  ဆက်ဆံရေးက ဘယ်လိုမျိုးရှိမလဲ။

ဖြေ ■ အသင်းမှာ တာဝန်ယူစိတ်ရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးပါ။ ဘာပေက အဲလို ကစားသမားတွေထဲက တစ်ယောက်ပဲ။ နည်းစနစ်ပိုင်းနဲ့ပတ်သက်လာရင်လည်း သူက ဦးဆောင်သူပဲ။ အသင်းမှာရှိတဲ့လူတိုင်းက သူ့ကို လေးလေးစားစား ဆက်ဆံကြတယ်။ ဘာပေ တစ်ခုခုပြောတော့မယ်ဆိုရင် အားလုံးက တလေးတစားနားထောင်ကြတယ်။ သူ့အသက်က (၁၉)နှစ်ပဲ ရှိသေးတယ်ဆိုတာကို ဘယ်သူမှ ထည့်မတွက်ကြဘူး။

မေး ■ Ballon d' Or ဆုကို ဘယ်သူရသွားမယ်လို့ထင်လဲ။

ဖြေ ■ စီရော်နယ်လ်ဒို၊ မက်ဆီနဲ့ ဘာပေတို့ထဲက တစ်ယောက်ယောက်ရသွားလိမ့်မယ်လို့ ထင်တယ်။

မေး ■ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကို ရွေးထုတ်ပြပါဆိုရင် ခင်ဗျားဘယ့်သူ့ကို လက်ညှိုးထိုးမလဲ။

ဖြေ ■ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားလား။ ကျွန်တော့်ပေါ့ဗျာ။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကတော့ တခြားကမ္ဘာကလာတဲ့သူတွေမို့လို့ ထည့်ပြောမနေတော့ဘူး။

မေး ■ တူဟယ်လ်ကတော့ လက်ရှိ အသင်းရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံ မဟုတ်သေးဘူးလို့ပြောတယ်။ ခင်ဗျားရော ဘယ်လိုမြင်လဲ။

ဖြေ ■ ကျွန်တော်လည်း နည်းပြရဲ့စကားကို သဘောတူပါတယ်။ ဒီခြေစွမ်းက ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံမဟုတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့်ကောင်းနေပြီလို့ မမြင်သေးဘူး။ အခုမှ ရာသီ

အစပိုင်းပဲရှိသေးလို့ ပြောရခက်ပါသေးတယ်။ အကောင်းဆုံးပုံစံကို ဖေဖော်ဝါရီနဲ့ မတ်လလောက်ကျရင် မြင်ရမယ်လို့ထင်တယ်။ အဲဒီအချိန်ကျရင် ပွဲကြီးတွေလည်း အများကြီးကစားနေရပြီလေ။ ဒီကြားထဲမှာ ကျွန်တော်တို့အသင်းလည်း အများကြီးတိုးတက်လာဦးမှာပါ။

မေး ■ ဒီရာသီမှာ ကလပ်အသင်းနဲ့ ရည်မှန်းချက်က ဘာတွေဖြစ်လဲ။

ဖြေ ■  စိန်ခေါ်မှုတွေ ရည်မှန်းချက်တွေအတွက် ကျွန်တော် ဒီအသင်းကိုရောက်လာခဲ့တာပါ။ ကျွန်တော့်ခေါင်းထဲမှာရှိတဲ့ ပြင်းပြတဲ့စိတ်က ဒီအချိန်ထိ အရာမယွင်းသေးဘူး။ အဲဒါနဲ့ထပ်တူ ရင်ခုန်စိတ်လှုပ်ရှားမှုရောပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဒီရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာကို တွေးပြီးစိတ်လှုပ်ရှားနေတယ်။ ရာသီကုန်တဲ့အခါကျရင်တော့ ဆုဖလားတွေ၊ အောင်မြင်မှုတွေနဲ့ ထိတွေ့ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။