၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းခဲ့ဟု တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြ

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်းခဲ့ဟု တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြ
၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကစားကွင်းတစ်ခုတွင် ဆော့ကစားနေသည့် ကလေးငယ်များကို မြင်တွေ့ရစဉ်
၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကစားကွင်းတစ်ခုတွင် ဆော့ကစားနေသည့် ကလေးငယ်များကို မြင်တွေ့ရစဉ်
Published 17 January 2022
Ref: Reuters

ယမန်နှစ်အတွင်း တရုတ်နိုင်ငံ၌ ကလေးမွေးဖွားနှုန်းသည် စံချိန်တင် ကျဆင်းခဲ့သည်ဟု ဇန်နဝါရီ ၁၇ ရက်တွင် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ သိရသည်။

သက်ကြီးရွယ်အို လူဦးရေ မျှော်လင့်ထားသည်ထက်  ပိုမိုမြန်ဆန်စွာ တိုးလာမှုသည် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ စိုးရိမ်မှုများကို ပိုကြီးထွားလာစေနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။

တရုတ်တွင် လုပ်သားအင်အားစု လျင်လျင်မြန်မြန် အသက်ကြီးရင့်လာမှု၊ စီးပွားရေး တုံ့နှေးလာမှုနှင့် ဆယ်စုနှစ်များအတွင်း လူဦးရေတိုးပွားမှု အနည်းဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်းသည် လူတစ်ထောင်လျှင် ၇.၅၂ ဦးအထိ ကျ ဆင်းခဲ့သည်ဟု အမျိုးသားစာရင်းအင်း ဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရ သည်။ ၂၀၂၀ ခုနှစ်တွင်မူ ကလေးမွေးဖွားနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ၈.၅၂ ဦးရှိခဲ့ သည်။ လတ်တလော ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကို တည်ထောင်ခဲ့သည့် ၁၉၄၉ ခုနှစ်တွင် စ တင် မှတ်တမ်းကောက်ယူခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်ဟုလည်း အမျိုးသား စာရင်းအင်းဌာနက ဆိုသည်။

ယင်းသည် ၁၉၇၈ ခုနှစ်နောက်ပိုင်း တိုင်းပြည်စီးပွားရေးကို နှစ်အလိုက် အကဲဖြတ်သည့် တရုတ်နိုင်ငံ၏ နှစ်ချုပ် စာရင်းတွင် မှတ်တမ်းတင်ဖူးသမျှထဲတွင်လည်း အနိမ့်ဆုံး ဖြစ်သည်ဟု သိရသည်။

တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ ယူရမည့် မူဝါဒကို အာဏာပိုင်များက ၂၀၁၆ ခုနှစ်တွင် ဖြေလျှော့ပေးခဲ့ပြီး ကလေးနှစ်ဦး ယူခွင့်ပြုကာ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးသော မိသားစုစီမံကိန်း စည်းမျဉ်း ထိန်းချုပ်မှုအချို့ကို ဖြေလျှော့ပေးခဲ့သည့်တိုင် ကလေးမွေးဖွားနှုန်း မြင့်တက်လာစေရန် အလို့ငှာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

ယမန်နှစ်တွင် တရုတ်အာဏာပိုင်များက ဇနီးမောင်နှံများအနေဖြင့် ကလေးသုံးဦးအထိ ယူနိုင်ကြောင်း ထပ်မံခွင့်ပြုခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်၌ တရုတ်တွင် ကလေးမွေး ဖွားမှု ၁၀.၆၂ သန်း ရှိခဲ့ပြီး နိုင်င့ံလူဦးရေမှာ ၁.၄၁ ဘီလျံ ရှိလာခဲ့သည်ဟု သိရသည်။

သဘာဝအလျောက် လူဦးရေ တိုးပွားနှုန်းသည် လူတစ်ထောင်လျှင် ၀.၃၄ဦး ရှိခဲ့ကာ ယခင် လူဦးရေ တိုးပွားနှုန်းဖြစ်သည့် ၁.၄၅ ဦး ထက် ကျဆင်းခဲ့သည်။

လူဦးရေဆိုင်ရာ စိန်ခေါ်မှုအကြောင်း ကောင်းစွာ သိရှိထားကြပြီး ဖြစ်သော်လည်း လူထုအတွင်း အသက်အရွယ် ကြီးရင့်သူဦးရေ မြင့်တက်လာမှုသည် မျှော်လင့်ထားသည် ထက်ပင် ပိုမိုမြန်ဆန်နေသည်ဟု Pinpoint Asset Management မှ စီးပွားရေး ပညာရှင် အကြီးအကဲ ကျိဝေကျန်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ လူဦးရေ တိုးပွားနှုန်း အလားအလာဟာ မျှော်မှန်းထားတာထက် ပိုနှေးကွေးနေတာကို ပြသရာရောက်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ်တွင် ဆယ်စုနှစ် တစ်ခုအတွင်း တစ်ကြိမ် ထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းများအရ တရုတ်၏ လူဦးရေ တိုးပွားနှုန်းသည် ၁၉၆၀ ပြည့်နှစ်များ နောက်ပိုင်းတွင် အနှေးကွေးဆုံး ဖြစ်ခဲ့သည်။

တရုတ် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် တိန့်ရှောင်ဖိန်က ၁၉၈၀ ခုနှစ်တွင် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ ယူရမည့် မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီး လူဦးရေ တိုးပွားနှုန်းကို ထိန်းချုပ်ကာ စီးပွားရေး တိုး တက်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည်။

 

Most Read

Most Recent