ဧပြီ ၇ ရက်က တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေနတ်သမားတစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့သည်။ တူရကီသမ္မတ ရီဆပ်အာဒိုဂန်က ယခုတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်အကြမ်းဖက်လုပ်ရပ်ဟု ရှုတ်ချခဲ့သည်။
တိုက်ခိုက်မှုတွင် သေနတ်သမားနှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ညီအစ်ကိုများဖြစ်သည်ဟု တူရကီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်ထဲရေးဝန်ကြီးအဆိုအရ တိုက်ခိုက်သူများသည် အစ်ဇ်မစ်မြို့မှ အစ္စတန်ဘူသို့ အငှားယာဉ်တစ်စီးဖြင့် ရောက်လာကြသူများဖြစ်သည်။ သေနတ်သမားများသည် ရိုင်ဖယ်နှင့် ပစ္စတိုများကို အသုံးပြုခဲ့သည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ X လူမှုကွန်ရက်ထုတ်ပြန်ချက်တွင် သေဆုံးသွားသည့် သေနတ်သမားက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်နွယ်နေသူဟု ဖော်ပြထားကာ IS အကြမ်းဖက်အဖွဲ့ကို ရည်ညွှန်းသည်ဟု ယူဆရသည်။
ဂါဇာစစ်ပွဲကြောင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာပြီးနောက် အဆိုပါအစ္စရေးကောင်စစ်ဝန်ရုံးကို ပြီးခဲ့သည့်နှစ်နှစ်ခွဲခန့်ကတည်းက ပိတ်ထားကာ လက်ရှိ၌လည်း တူရကီတွင် အစ္စရေးသံတမန်များ အခြေစိုက်နေထိုင်ခြင်း မရှိပေ။
Ref: BBC
Photos: AP















