ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်မိုးစပါးအထွက်နှုန်း ယခင်နှစ်များထက် ထက်ဝက်ခန့်လျော့နည်း

ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်မိုးစပါးအထွက်နှုန်း ယခင်နှစ်များထက် ထက်ဝက်ခန့်လျော့နည်း
ဖောင်းပြင်မြို့နယ်တွင် စပါးရိတ်သိမ်းနေစဉ်
ဖောင်းပြင်မြို့နယ်တွင် စပါးရိတ်သိမ်းနေစဉ်
Published 20 December 2021

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်အတွင်း မိုးစပါးထွက်ရှိမှုနှုန်းသည် ယခင်နှစ်များထက် ထက်ဝက်ခန့် လျော့နည်းကြောင်း သိရသည်။

“ စပါးက စိမ့်တောလယ်တွေမှာ မသိသာပေမဲ့ ကုန်းပေါ်လယ်တွေမှာ မကောင်းဘူး။ စိမ့်တောလယ်က ရေအမြဲရှိတဲ့ လယ်တွေလေ။ ကုန်းပေါ်လယ်တွေကတော့ ရေမရတော့ ထွက်နှုန်းနည်းကုန်တာ။ အဓိက မိုးနည်းလို့ပေါ့။ ဒီနှစ်က မိုးနည်းတယ်။ ရေသွင်းစိုက်ပေမဲ့ မဖြစ်ကြဘူး။ တခြားပိုးကျတာ ဘာညာတော့မရှိဘူး။ မိုးနည်းပြီး ရေမရတော့ လယ်က ခြောက်ပြီး အထွက်နှုန်းကျသွားတာပေါ့။ အထွက်နှုန်းက ပုံမှန်ဆိုရင် နှစ်တိုင်းက တစ်ဧကကို တင်း ၆၀ လောက်ထွက်ပေမဲ့ ဒီနှစ် ၃၀ လောက်ပဲ ထွက်တယ်” ဟု ဖောင်းပြင်မြို့နယ်ရှိ တောင်သူတစ်ဦးက ပြောကြားသည်။

ဖောင်းပြင်မြို့နယ်တွင် ကုန်းပေါ်လယ်သည် အများစုဖြစ်၍ တောင်သူအများစု စပါး ရရှိမှုနည်းပြီး ယခုနှစ်တွင် ဆန်တင်ပို့ရောင်းချနိုင်မှု လျော့နည်းသွားနိုင်ကြောင်း သိရသည်။

“ ဖောင်းပြင်မှာက စိမ့်တောလယ်နဲ့ ကုန်းပေါ်လယ်မှာ ကုန်းပေါ်လယ်က ပိုများတော့ တောင်သူအများစုက စပါးအရနည်းတယ် ဆိုရမှာပေါ့။ တချို့တောင်သူတွေဆို လယ်က စပါးမရတော့ အခုကတည်းက ဝယ်စားနေရတာတွေ ရှိတယ်။ အထက်ချင်းတွင်းမြို့နယ်မှာဆို တခြားမြို့နယ်တွေက ဖောင်းပြင်မြို့နယ်ကနေ ဆန်ပြန်ပြီးဝယ်စားကြရတာ။ ဖောင်းပြင်က ဆန်ရောင်းရတာပေါ့။ ဒီနှစ်တော့ စပါး အထွက်နည်းတော့ ဆန်လည်း အရင်နှစ်လို အများကြီးရောင်းနိုင်ကြတော့မှာ မဟုတ်ဘူး။ နည်းသွားမှာ” ဟု အဆိုပါတောင်သူက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်တစ်လျှောက် အထက်ချင်းတွင်းမြို့နယ်များတွင် ဖောင်းပြင်မြို့နယ်သည် ဆန်စပါး ထွက်ရှိနှုန်းမြင့်မားကာ ဟုမ္မလင်း၊ ခန္တီးစသည့် မြို့နယ်များသည် ဖောင်းပြင်မြို့နယ်မှ ဆန်များကို ပြန်လည်ဝယ်ယူစားသုံးကြရကြောင်း သိရသည်။

Most Read

Most Recent