ဘီလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ BGF စခန်းကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်သေဆုံးနှင့် ဒဏ်ရာရရှိသူများရှိဟု KNU သတင်းထုတ်ပြန်

ဘီလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ BGF စခန်းကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်သေဆုံးနှင့် ဒဏ်ရာရရှိသူများရှိဟု KNU သတင်းထုတ်ပြန်
Published 18 December 2021

ဘီလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာ BGF စခန်းအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်သေဆုံးနှင့် ဒဏ်ရာရရှိသူများရှိဟု ဒီဇင်ဘာ ၁၈ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းအား KNU လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၇ ရက် နံနက် ၆ နာရီ၌ စတင်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခွဲ၌ BGF-၁၀၁၃  စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် အဆိုပါတိုက်ပွဲအတွင်း ကြသောင်းဆိပ် BGF စခန်းကို ပစ်ကူပေးသည့်အနေဖြင့် ကတိုင်ဒိ BGF စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးမှုရှိခဲ့သည်ဟု KNU ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

BGF စခန်းအား သိမ်းယူပြီးနောက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များအား ည ၁၀ နာရီအချိန်၌ KNLA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ယခုတိုက်ပွဲတွင် BGF ဖက်မှ နှစ်ဦး သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကြသောင်းဆိပ်စခန်းအား ၁၉၉၃ ခုနှစ်ခန့်က တပ်မတော်လက်အောက်ခံတပ်များက လာရောက်တပ်စွဲထားခဲ့ပြီး နောက်ပိုင်းတွင် BGF တပ်ဖွဲ့များကိုသာ စေလွှတ်၍ စခန်းချစေခဲ့ခြင်းဖြစ်ကြောင်း KNU ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ လေးကေ့ကော်မြို့တွင် တပ်မတော်ဘက်မှ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် တပ်မတော်နှင့် KNLA အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်ဖြစ်စဉ်အပါအဝင် လက်ရှိဖြစ်ပွားနေသာ အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Most Read

Most Recent