ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၄) ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအား ပစ်ခတ်သတ်ဖြတ်မှုဖြင့် စစ်ခုံရုံးက အမျိုးသားငါးဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအား ထက်ပိုင်စိုး (ခ) ဖိုးထက်အပါအဝင် အမျိုးသားငါးဦးသည် သေနတ်ဖြင့် ၀ိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ငါးဦးအား သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်နေ အမျိုးသားတစ်ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က(က) အရ စစ်ခုရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေပေါက်ကံမြို့သစ် အမှတ်(၁၃) ရပ်ကွက်၊ မိတ္ထီလာလမ်းနေ အောင်ပိုင် (ခ) ဖိုးကဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ နိုဝင်ဘာအတွင်း ဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က(က) အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















