မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာအနီးရှိ လက်ပံတို (ဖလံကိုင်း) ရေနံမြေမှ ရေနံမြေသံကန်တန်း အမှတ်(၂)ရှိ ရေနံသိုလှောင်ကန် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေနံမြေမှတာဝန်ရှိသူများက မီးသတ်ယာဉ်နှစ်စီးဖြင့် ငြိှမ်းသတ်ခဲ့သဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် ရေနံ ၁၂၀၉၂ စည်နှင့် သံကန်များ (ခန်မှန်းတန်ဖိုး ကျပ် ၇၅၇၄ သိန်းခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးရှို့ဖျက်ဆီးခဲ့သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။
ထို့အတူ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် CNF ၊ PDF ၊ YDF အဖွဲ့များ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၌ ရောက်ရှိနေသည့် CNF နှင့် PDF ၊ YDF အဖွဲ့ခေါင်းဆောင်အချို့ပါဝင်သည့် အင်အား ၁၀၀ ဦးခန့်သည် နှမ်းခါးကျေးရွာအတွင်း အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ရွာအတွင်း မပြုလုပ်ရန် တားဆီးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော်အဆိုပါ အဖွဲ့များအနေဖြင့် ကျေးရွာ၏တောင်းဆိုမှုအပေါ် လစ်လျူရှု၍ မွန်းလွဲ ၁ နာရီခန့်တွင် အစည်းအဝေး ပြုလုပ်ခဲ့ရာ ကျေးရွာသားအချို့က ကျေးရွာနှင့် အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့လာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းတို့အစည်းအဝေး ပြုလုပ်သည့် နေရာအား ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ၂ နာရီ ၄၀ မိနစ်ခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါအဖွဲ့များအနေဖြင့်ကျေးရွာ၏အရှေ့ဘက်မြစ်သာမြစ်ကို ဖြတ်ကူး၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်းရှိ ပြည်သူနှင့်နေအိမ် အဆောက်အဦများ ထိခိုက်မှုမရှိစေရေး သတိပြုရှောင်ရှားဆောင်ရွက်ခဲ့ရပြီး ဖြစ်စဉ်တွင် ကျေးရွာသူ၊ ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အဆိုပါအဖွဲ့များထံမှ အားကစား ဝတ်စုံဝတ်ဆင်ထားသည့် ရုပ်အလောင်း ခြောက်လောင်း၊ ပစ္စတိုနှစ်လက်၊ ခေါက်ချိုး တစ်လုံးထိုးသေနတ်ငါးလက်၊ တူမီးသေနတ် သုံးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။















