လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူခြင်းပြု၊ မပြု စဉ်းစားရသည်မှာ အလွန်ခက်ခဲသည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လာမည့် ဇန်နဝါရီလတွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အသင်း၏အဓိကကစားသမားအတော်များများကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေသည်။
ယင်းကစားသမားများထဲတွင် ဆာလာ၊ မာနေ၊ နာဘီကီတာတို့ကဲ့သို့ ကစားသမားများလည်း ပါဝင်နေပြီး အချို့ကစားသမားများကို ပရီးမီးယားလိဂ် ပွဲကျပ်ကာလအတွင်း ကာလရှည် ဆုံးရှုံးရမည့်အခြေအနေလည်း ဖြစ်သည်။
ယင်းအတွက်ကြောင့် ယာဂန်ကလော့ပ်က ''ကျွန်တော်တို့ အခုအချိန်အထိတော့ ကစားသမားသစ်တွေ ခေါ်ယူရေးအတွက် မဆွေးနွေးရသေးပါဘူး။ ဒါပေမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရှိနေတာ ကျွန်တော်တို့ သိတယ်။ ဒီပြိုင်ပွဲကို ကျွန်တော့်အသင်းက အဓိက ကစားသမားတွေ သွားကစားရမှာဖြစ်ပြီး အဲဒီကစားသမားတွေထဲက (၂)ဦးလောက်ကတော့ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေအထိ ရောက်သွားနိုင်ပါတယ်။ သူတို့အစား ကစားသမားခေါ်ဖို့လိုပေမဲ့ ဆာလာ၊ မာနေတို့လို ကစားသမားတွေနေရာ ကို ကာလတိုအနေနဲ့ ဘယ်လိုခေါ်ယူရမလဲ''ဟု ပြောကြားခဲ့သည်။















