မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ် ခန့်အပ်မည်ဟု ကမ္ဘောဒီးယား ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ် ခန့်အပ်မည်ဟု ကမ္ဘောဒီးယား ပြောကြား
Published 16 December 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံရေးဝန်ကြီး Prak Sokhonn ကို ခန့်အပ်ရန် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံရေးဝန်ကြီးဖြစ်သည့် Prak Sokhonn ကို ခန့်အပ်မည့်အကြောင်း အတည်ပြုသည်ဟု ဖနွမ်းပင်မြို့တော်က ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen က ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရေးဝန်ကြီး Prak Sokhonn အနေဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခြင်းခံရပါက လက်ရှိအာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆော့ဖ်နေရာတွင် ဆက်ခံရမည်ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ အန်းဆိုဖယ်လက်က ပြောကြားထားသည်။

ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က မြန်မာနိုင်ငံကို ငြင်းပယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို ASEAN နှင့် ပြန်လည်သင့်မြတ်စေရန် ကြိုးပမ်းမှုများ ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

ASEAN သည် မမျှော်လင့်သည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် နစကအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဖွဲ့၏ အောက်တိုဘာ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ ASEAN အဖွဲ့၏ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်ပြုရေးအား မြန်မာနိုင်ငံက ငြင်းပယ်ခဲ့ပြီးနောက် ASEAN က ယင်းကဲ့သို့ ငြင်းပယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် ASEAN အဖွဲ့၏ အလှည့်ကျဥက္ကဌနေရာကို ရယူရမည်ဖြစ်ပြီး ဟွန်ဆန်က မြန်မာခေါင်းဆောင်အနေဖြင့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်ဟု ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ဟွန်ဆန်အား နေပြည်တော်သို့ လာရောက်ရန် တရားဝင်ဖိတ်ကြားချက်မရှိသေးမီကပင် လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို  ကမ္ဘောဒီးယားသို့ ဖိတ်ကြားရန်  စီစဉ်နေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံပိုင် Agence Kamupchea Presse (AKP) သတင်းဌာနက ဒီဇင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံအဖွဲ့ကြီးအနေဖြင့် ပြင်ပမှ မိတ်ဖက်များ စိတ်ကျေနပ်စေရန်အတွက် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံ၏ အစည်းအဝေးများမှ မြန်မာနိုင်ငံကို ချန်လှပ်ထားခြင်းကြောင့် အဖွဲ့ဝင် ကိုးနိုင်ငံတည်းသာဖြစ်နေခြင်းမျိုးသည်  မသင့်လျော်ကြောင်း ဟွန်ဆန်က ယူဆလျက်ရှိသည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည့် ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည် ဖြစ် ကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းတာဝန်များ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို ခန့်အပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ် ဖော်ပြောကြားထားသည်။

Most Read

Most Recent