ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက ဆက်လက်ထားရှိထားသည့် ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန် သို့မဟုတ် လုပ်ကြံရန် ကြံစည်မှုအတွက် အပြစ်ရှိကြောင်း မြန်မာနိုင်ငံသား တစ်ဦးက ဒီဇင်ဘာ ၁၀ ရက်၌ ဝန်ခံထွက်ဆိုခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ဆိုသည်။
နယူးယောက်မြို့တွင် နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံသား ရဲဟိန်းဇော်သည် အခြားအပေါင်းအပါ နှစ်ဦးနှင့်အတူ ယခုနှစ် သြဂုတ်လထဲတွင် ဦးကျော်မိုးထွန်းအား ရာထူးမှနုတ်ထွက်ရန်နှင့် ငြင်းဆန်မည်ဆိုပါက လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု အစိုးရရှေ့နေများ၏ အဆိုအရ သိရသည်။
၎င်းသည် အဆိုပါ တိုက်ခိုက်မှုအတွက် ဒေါ်လာငါးထောင်ပေးရန် သဘောတူခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ကြံစည်မှုကို အမေရိကန် စုံစမ်းစစ်ဆေးရေး အရာရှိများက ဟန့်တားနိုင်ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြသည်။
အမေရိကန်မြေပေါ်တွင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အဆိုပါ တိုက်ခိုက်မှုတွင် ဦးကျော်မိုးထွန်းကို ဒဏ်ရာရစေရန် သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ရုံးတော်တွင် ဝန်ခံထွက်ဆိုခဲ့သည်ဟု အမေရိကန်ရှေ့နေ ဒါမီယန် ဝီလီယမ်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပြည်ပသံတမန်တွေနဲ့ အစိုးရအရာရှိတွေ ဘေးကင်းလုံခြုံစေဖို့နဲ့ ဒီပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးနိုင်ဖို့ အစိုးရရဲ့ အဆင့်အသီးသီးက လုပ်ဖော်ကိုင်ဖက်ဥပဒေစိုးမိုးရေး ဝန်ထမ်းတွေရဲ့ မမောနိုင်မပန်းနိုင် ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးလိုပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ရဲဟိန်းဇော်ကို လာမည့်နှစ် မေလထဲတွင် စီရင်ချက်ချမည်ဖြစ်ပြီး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရဖွယ်ရှိသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
ကုသလမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော် အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမှုကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာထားသည်။
ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုမှန်သမျှတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ ပြောကြားထားပြီး ကုလသမဂ္ဂအတွက် မိမိတို့၏ သံတမန်အဖြစ် ဦးအောင်သူရိန်ကို ရွေးချယ်ထားသည်ဟု ဆိုသည်။
လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂသံတမန်အရည်အချင်း စစ်ကော်မတီက ဆုံးဖြတ်ချက်ချမှတ်ရန် ရွှေ့ဆိုင်းထားသည်။















