စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြိုနယ်အတွင်းရှိ ချင်းတွင်းမြစ်၏ ချောင်းလက်တက်ဖြစ်သော ချောင်းငယ်အချို့တွင် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ခန္တီးမြို့နယ်အတွင်းရှိ နမ့်ဖီးလင်းချောင်းနှင့် ခန္တီးမြို့နယ်နှင့် တနိုင်းမြို့နယ် နယ်နိမိတ်ကြားရှိ တံခွန်ချောင်းစသည့် ချောင်းနှစ်ခုအတွင်းတွင် ချောင်းအတွင်း ရွှေတူးဖော်မှုများ ပြုလုပ်နေကြခြင်းဖြစ်ပြီး ဧပြီလမှစတင်၍ တူးဖော်နေကြခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ်ရှိ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“သင်္ကြန်မတိုင်ခင်ကတည်းက လုပ်နေကြတာ။ နမ့်ဖီးလင်းချောင်းမှာဆို မျောက ၃၀ ကျော်လောက်တော့ရှိမယ်။ အခုဟာက ရေမှုန်ရွှေမျောတွေပေါ့။ ရေမှုန်က ချောင်းကြမ်းပြင်က ကျောက်ခဲတွေ မြေကြီးတွေကို ဘီလူး ခေါင်းနဲ့ စက်နဲ့စုပ်ပြီး မျောစင်ပေါ် ဖျောချပြီး မျောစင်က ပြန်ကျလာတဲ့ စွန့်ပစ်မြေစာတွေကို ချောင်းထဲမှာပဲ ပြန်စွန့်ပစ်တာပေါ့။ သူတို့က ချောင်းကိုပိတ်ပြီးလုပ်။ စွန့်ပစ်မြေစာပုံကလည်း ချောင်းကို ပြန်ပိတ်သလိုဖြစ်တော့ ရေက အထက်အောက်ပြန်စီးကုန်ပြီ။ ချောင်းထဲမှာ ရေစီးကြောင်းတွေ အရင်လိုမဟုတ်တော့ဘူး။ စွန့်ပစ်မြေစာတွေက ချောင်းထဲမှာပဲ သောင်ထွန်းသွားတာလေ။ အခု နမ့်ဖီးလင်းချောင်းလည်း ရေတအားပါးသွားပြီ။ ပါးတာက ပုံမှန်ရေမဟုတ်ဘူး ပြောရမှာပေါ့။ အခုမှ မိုးကုန်တာလေ။ နွေပိုင်းမှ ရေပါးတာကို အခုကတည်းက ရေကြောင်းတွေက အနိမ့်အမြင့် ဖြစ်နေပြီ။ ချောင်းထဲမှာ မျောမြီးခုံတွေ ထွန်းနေတော့ နမ့်ဖီးလင်းချောင်းဆို တချို့နေရာမှာ စက်လှေတွေ သွားလို့မရအောင် ဖြစ်သွားပြီ” ဟု ခန္တီးမြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။
၂၀၁၈ မြန်မာ့သတ္တုတွင်းနည်းဥပဒေတွင် မြစ်ကမ်းပါးနယ်နိမိတ်မှ မီတာ ၂၀၀ သို့ မဟုတ် အမြဲစီးဆင်းနေသည့် ချောင်း၊ ရေကမ်းပါးမှ မီတာ ၁၀၀ အကွာအဝေးအတွင်းရှိ မြေစသည့်နေရာတို့တွင် ရွှေတူးဖော်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။
ရွှေစျေးမြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် အခြားစီးပွားရေးလုပ်ငန်းများ အဆင်မပြေခြင်းတို့ကြောင့် ရွှေထွက်ရှိရာ ဒေသများတွင် ရွှေတူးဖော်မှုများ ယခင်ထက်များပြားလာကြောင်း သိရပြီး ထိုကဲ့သို့ ရွှေတူးဖော်နေသူများသည် ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့အား ငွေကြေးပေးပြီး လုပ်ဆောင်နေရကြောင်းလည်း သိရသည်။















