NLD နာယက ဖြစ်သူ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့်နှင့် စည်သူဘိုကလေးတင့်အောင်တို့အား နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ

NLD နာယက ဖြစ်သူ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့်နှင့် စည်သူဘိုကလေးတင့်အောင်တို့အား နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ
Published 5 December 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့(ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယကဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးခင်ညွန့်နှင့် စည်သူ ဘိုကလေးတင့်​​အောင်တို့အား သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်​​ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း)နှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၏ နေအိမ်သို့ သွားရောက်၍ ကျန်းမာရေးအခြေအနေများအား မေးမြန်းခဲ့ကြောင်း၊ ထို့ပြင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ကောင်စီအဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း​​ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ​​ပေးအပ်ခဲ့​​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး​​ရေးကောင်စီ၊ ဝန်ကြီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးခင်ညွန့်အား သွား​​ရောက်တွေ့ဆုံ၍ ကျန်းမားရေးအခြေအနေများအား မေးမြန်းခြင်း၊ ကျန်းမာရေး အခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း​​ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ​​ပေးအပ်ခဲ့​​ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံ​​ရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ နေပြည်တော်တွင် တည်ထားပူဇော်မြင့် "မာရဝိဇယ"ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူ​​ဇော်ရေး လုပ်ငန်း ​​ဆောင်ရွက်နေမှု အခြေအနေများကိုလည်း တင်ပြခဲ့​​ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ SSC အထူးကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် စည်သူ ဘိုကလေးတင့်အောင် အား သွား​​​ရောက်ကြည့်ရှုပြီး ကျန်းမာရေး အခြေအနေများနှင့်ပတ်သက်၍ မိသားစုဝင်များကို မေးမြန်းကာ ကျန်းမာရေးကုသမှုအတွက် ထောက်ပံ့ငွေများ၊ အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ​​ပေးအပ်ခဲ့​​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent