ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် စစ်ခုံရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်တစ်သက်နှင့် ဆယ်အိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အမျိုးသားနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ဇေယျာနောင်(ခ) နောင် နှင့် မနန္ဒာအောင်တို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း ဆန္ဒပြမှုဖြစ်စဉ်များတွင် ပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့နှစ်ဦးအား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် ဟိန်းထက်အောင်(ခ) စျာန်ရဲ၊ အာကာသိန်း (ခ) အာကာတို့နှစ်ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၉)ရပ်ကွက်နေ ဆယ်အိမ်မှူး တစ်ဦးအား သေနတ်ဖြင့် ၀ိုင်းဝန်း လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၀၂(၁)(ခ)/ ၃၄ အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့နှစ်ဦးအား သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၃၀ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်) အမှတ် (၃) ရပ်ကွက်နေ မျိုးမင်း(ခ)မျိုးမြင့်သည် တစ်ရက်ကွက်ထဲနေသူနှင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စစ်ကိုင်းလမ်းနေ ထက်လှိုင်ဦး(ခ)ငထက် အပါအဝင် သုံးဦးသည် အောက်တိုဘာ ၁၂ ရက်တွင် တစ်ရက်ကွက်ထဲနေသူနှင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုကိုလည်းကောင်း၊ နေဝင်း(ဘ)ဦးဖြိုးသည် စက်တင်ဘာ ၂၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၌ ရိုက်နှက်ရာမှ လူသတ်မှုကို လည်းကောင်း အသီးသီး ကျူးလွန်ခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂ (၂) အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ငါးဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ်၂၀ ပြစ် ဒဏ်အားအသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် ယင်းပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။















