သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အပေါ် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှု အပါအဝင် အမှုသုံးမှုကို အမိန့်ချမှတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်သို့ ပြောင်းလဲချိန်းဆို

သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အပေါ် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှု အပါအဝင် အမှုသုံးမှုကို အမိန့်ချမှတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်သို့ ပြောင်းလဲချိန်းဆို
Published 30 November 2021

သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုအပါအဝင် အမှုသုံးမှုကို အမိန့်ချမှတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်သို့ ပြောင်းလဲချိန်းဆိုထားကြောင်း တ ရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၃၀ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှု၊ သမ္မတဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့်တရားစွဲဆိုထားသည့်အမှုနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝဘေးအန္တရာယ် ဆိုင်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့်တရားစွဲ ဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၃၀ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့် ချမှတ်ရန်အတွက် ချိန်းဆိုထားသော်လည်း ယင်းအမှုများနှင့်ပတ်သက်၍ အမိန့်တစ်စုံ တစ်ရာချမှတ်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်၊ ကြေညာချက်များနှင့်ပတ်သက်၍ သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် စွပ်စွဲခံရသူများဘက်မှ သီးခြားသက်သေ(ခံပြသက်သေ) စာရင်း တင်သွင်းခဲ့ခြင်း မရှိဘဲ အစွပ်စွဲခံရသူများ ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုခဲ့ကြကြောင်းလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော် ကောင်စီနယ်မြေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaing ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ် ၂၂၀၊ ဆိုင်ကယ် ၃၂စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံအိမ်ရာအနီးတွင် COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ် (A) ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်အား ရှာဖွေရာတွင် အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက် ခြောက်လုံး၊ ဂိတ်ကင်းထံမှ Icom စကားလုံးပြောစက် သုံးလုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom စကားပြောစက်တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိရသဖြင့် ယင်းဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံကိုယ်တိုင် သက်သေအဖြစ် အစစ်ခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အပြီးသတ်လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သမ္မတ ဦးဝင်မြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့အပေါ် နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ တရားရုံး$ အပတ်စဉ် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး လာမည့် ဒီဇင်ဘာ ၂ ရက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးမည်ဖြစ်သလို ဒီဇင်ဘာ ၃ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(၂) ဦးမင်းသူတို့အပေါ် တရားစွဲဆိုထားသည့် အမှုများကိုလည်း ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent