ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ၌ ဟိုတယ်အလုံး ၅၀ ကျော်ထိ ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။ လက်ရှိတွင် အဆိုဟိုတယ်များမှ ဝန်ထမ်းအားလုံးကိုလည်း ကာကွယ်ဆေးထိုးနှံပေးထားပြီးဖြစ်ကြောင်း ဟိုတယ်/ခရီးဌာနထံမှ သိရသည်။
“ချောင်းသာမှာ ဟိုတယ်အလုံး ၃၀၊ ငွေဆောင်မှာ ၂၅ လုံးဖွင့်နေပါပြီ။ ဟိုတယ်တွေမှာရှိတဲ့ ဝန်ထမ်း ၂၈၀၀ လောက် ဆေးထိုးပြီးသွားပြီ။ ရှိသမျှဝန်ထမ်းအားလုံးစာရင်းပေးပါလို့ စာရင်းတောင်းပြီးပေးသမျှ စာရင်းပါအားလုံးကို ဆေးထိုးပေးတာ ၁၀၀ ရာခိုင်နှုန်းလို့ ပြောလို့ရပါတယ်။ စာရင်းရှိ အားလုံးထိုးပြီးပါပြီ။ ဝန်ထမ်းသစ်ခန့်မယ်ဆိုရင်လည်း ကျန်းမာရေးဆေးစစ်ပါ။ ကိုဗစ်ကင်းရှင်းကြောင်းရမှ ခန့်ပါလို့လည်း ပြောထားတယ်။ ဆေးထိုးဖို့လည်း ချက်ချင်းစာရင်းပို့ဖို့ ပြောထားပါတယ်။ ပွင့်လင်းရာသီလည်း ရောက်လာပြီဖြစ်တဲ့အတွက် တခြားကိစ္စတွေအားလုံးအေးချမ်းမှုရှိရင် ခရီးသွားလုပ်ငန်းက ဆက်တိုးလာဖို့ပဲ ရှိပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။
“COVID-19 ဆိုင်ရာလိုက်နာရမယ့် စည်းကမ်း Version 3.0 နဲ့ စစ်ဆေးပြီးပါပြီ။ ဒီစည်းကမ်းနဲ့ စစ်တုန်းမှာ အဆင်ပြေပေမဲ့လည်း နောက်ပိုင်းမှာ လိုက်နာမှုရှိမရှိကိုလည်း ရှောင်တခင်စစ်ဆေးမှုတွေ၊ လမ်းညွှန်အကြံပြုချက်ပေးမှုတွေကိုလည်း ဆက်ပြီးလုပ်သွားမှာပါ။ ကာကွယ်ဆေးထိုးပြီးရင် မဖြစ်တော့ဘူးလို့ ပြောလို့မရဘူး။ ကျန်းမာရေး စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် ဖြစ်ကြတာဆိုတော့ ပေါ့လျော့လို့မရဘူး။ အတူယှဉ်တွဲနေထိုင်တဲ့ စည်းကမ်းနဲ့နေရမယ်ဆိုတာကိုတော့ တောက်လျှောက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ အလွန်လျော့နည်းနေပြီဖြစ်ကြောင်း သိရသည်။















