ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြူနီစပါယ်စျေးကြီးတွင် စျေးရောင်းနေကြသည့် မြန်မာနိုင်ငံသားများအား ထိုင်းကျန်းမာရေးဌာနမှ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက် အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်းရောက်ရှိနေသူများကို နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းကျန်းမာရေးဌာနက ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခြင်း ဖြစ်သည်။
ထိုင်းကျန်းမာရေးဌာနအနေဖြင့် ဒေသတွင်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် မဲဆောက်ဒေသတွင်း နေထိုင်ကြသည့် မည်သည့်နိုင်ငံသားကိုမဆို COVID-19 ကူးစက်ရောဂါကာကွယ်ဆေး ထိုးပေးနေသည့် အစီအစဉ်များ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မဲဆောက်မြို့တွင် နေထိုင်သူကိုကြီးမန်းက ပြောကြားသည်၊။
“ထိုင်းကျန်းမာရေးဌာနက ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပေးတာ မကြာခဏပါပဲ။ ကိုဗစ်က အထောက်အထားရှိတာ၊ မရှိတာ မသိဘူးလေ၊ အကုန်ကူးမှာပဲ၊ ဒါကြောင့်မို့လို့ အထောက်အထားမရှိသူရော၊ အထောက်အထားရှိသူပါ ထိုးနေတာဖြစ်ပါတယ် ။ဒီနေ့တော့ မဲဆောက်မြူနီစပါယ်စျေးထဲမှာ စျေးရောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုးပေးနေတာပါ။မြန်မာနိုင်ငံသားတွေကို ပြောချင်တာက ကိုဗစ်ကာကွယ်ဆေးထိုးကြပါ” ဟု ကိုကြီးမန်းက ပြောကြားသည်။
မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးဝင်း၌လည်း ယခင်လ ၂၀ ရက်နေ့က ထိုင်းကျန်းမာရေးဌာနအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား ၁၅၀၀ ကျော်ကို ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်က မဲဆောက် မြို့ပိုင်ရုံးဝင်း၊ ယာဉ်ထိန်းရုံးအနီးရှိ ဝပ်အလံ ထိုင်းဘုန်းတော်ကြီးကျောင်းဝင်းနှင့် ဘန့်စောင်ခွဲရပ်ကွက် (၁) ၊ အစ္စလာမ် စာသင်ကျောင်းနှင့် ရပ်ကွက်အချို့တို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးပေးလျက်ရှိကြောင်း သိရသည်။















