မြိတ်မြို့၌ ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦး မစီးနင်းရကန့်သတ်ချက်များ အပါအဝင် အခြားကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနှင်စီးနင်းသူများကို အဓိကထား ကန့်သတ်လိုက်သည့် အဆိုပါကြေညာချက်ကို နိုဝင်ဘာ ၁၅ ရက်မှစတင် အကျုံးဝင်ကြောင်း ရပ်ကွက်များတွင် လိုက်လံကြေညာနေကြောင်း သိရသည်။ ကန့်သတ်ချက်များတွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရ၊ အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦးလိုက်ပါ စီးနင်းနိုင်သည်။ အမျိုးသမီးနှစ်ဦးစီးနင်းနိုင်သည်စသည့် ကန့်သတ်ချက်များကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
“ကန့်သတ်ချက် ထုတ်ပြန်လိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ပညာပေးကာလ ဆောင်ရွက်ပေးထားပါတယ်။ ဘေးတွဲတွေ သုံးဘီးဆိုင်ကယ်တွေ ကားတွေက ကန့်သတ်ချက်ထဲမှာ မပါဘူး။ ဆိုင်ကယ်စီးနင်းတဲ့သူတွေကို အဓိကကန့်သတ်တာပါ။ အမျိုးသားနှစ်ဦး စီးနင်းခွင့်မပြုရာမှာ သံဃာတွေလည်း ဆိုင်ကယ်နောက်ကနေ စီးနင်းခွင့်မရှိဘူး။ ကျောင်းသားတွေ အရေးပေါ်ဖြစ်နေတဲ့လူနာတွေကိုတော့ ဖြေလျှော့ပေးထားတာရှိတယ်။ ကျောင်းသားတွေကို ကျောင်းတက်ကျောင်းဆင်းချိန်မှာ ကျောင်းယူနီဖောင်းနဲ့တကွ ဆိုင်ကယ်နောက်မှာ စီးနင်းခွင့်ရှိတယ်။ အရေးပေါ်လူနာတွေကို ဆိုင်ကယ်တွေနဲ့ တင်ဆောင်လို့ရတယ်။ လမ်းမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့တွေ့ရင် ကြည်ဖြူစွာအစစ်ဆေးခံပြီး အကျိုးအကြောင်းပြောပြပါ။ အများပြည်သူလုံခြုံရေးအရ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မြိတ်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါကန့်သတ်ချက်များအတွက် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အတွင်း ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးဆောင်ရွက်မည်ဖြစ်ကာ နိုဝင်ဘာ ၂၀ ရက်မှစတင်ပြီး အမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။















