ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ COVID-19 ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံထုတ်ချေးမည့် ချေးငွေလျှောက်လွှာလက်ခံရက်ကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ COVID-19 ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံထုတ်ချေးမည့် ချေးငွေလျှောက်လွှာလက်ခံရက်ကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်
COVID-19 ချေးငွေ ပဏာမစိစစ်ရေးဆောင်ရွက်နေမှုကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ ပဏာမစိစစ်ရေးဆောင်ရွက်နေမှုကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 16 November 2021

COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ဂီတ၊သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ COVID-19 ရန်ပုံငွေမှကျပ် ၁၅ ဘီလျံထုတ်ချေးပေးမည့် ချေးငွေလျှောက်လွှာများကို ဒီဇင်ဘာ ၃ ရက်အထိ တိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ချေးငွေလျှောက်လွှာများကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်အသင်းရုံးများတွင် လက်ခံမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်တွင် ချေးငွေလျှောက်ထားရန် ပုံစံပါအချက်များ ကိုက်ညီစေရေး ပြင်ဆင်ရခြင်းများအပါအဝင် လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ရုံးပိတ်ရက်များပြားနေမှုကြောင့် အချိန်မီတင်ပြနိုင်ရေး အခက်အခဲဖြင့် ကြုံတွေ့နေရခြင်းကြောင့် ချေးယူလိုသူများက ကာလတိုးမြှင့်ပေးရန် မေတ္တာရပ်ခံလာကြသဖြင့် ချေးငွေလျှောက်လွှာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက် တိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါချေးငွေများကို (၁) ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံ၊အသံလွှင့်စသည်တို့ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ချိခြင်း၊ ပြသခြင်း ဆောင်ရွက်သည့်လုပ်ငန်းများ၊ (၂) တေးဂီတဝိုင်းများ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ (၃) ဇာတ်သဘင်၊ အငြိမ့်ဖျော်ဖြေမှုလုပ်ငန်းများ၊ (၄) စာနယ်ဇင်းပုံနှိပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းဆောင်ရွက်သည့် လုပ်ငန်းများတွင် အကျုံးဝင်ကိုက်ညီသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို ချေးယူခွင့်ပြုမည်ဟုသိရသည်။

ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသောလုပ်ငန်း ဖြစ်ရမည်၊ ချေးငွေအား လုပ်ငန်းဆက်လက် လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့် လုပ်ငန်းဖြစ်ရမည်၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့်ကုမ္ပဏီ မဖြစ်စေရ၊ ကုမ္ပဏီမဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်းမဖြစ်စေရ။

ထို့ပြင် ဝင်ငွေခွန်၊ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့်ကုမ္ပဏီ ဖြစ်ရမည်၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူထားသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းဖြစ်ရမည်၊ လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ယာယီရပ်စဲထားသော လုပ်ငန်းဖြစ်လျှင် ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်သည့်လုပ်ငန်း ဖြစ်ရမည်။

၂၀၁၉ ခုနှစ် မတ် ၃၁ ရက်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်းလိုင်စင်ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်၊ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသောလုပ်ငန်းဖြစ်ရမည်။ ဘဏ်တစ်ခုခုမှချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်းခံထားရသည့် လုပ်ငန်းမဖြစ်စေရ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်ကရယူထားပြီး ဖြစ်သည့်လုပ်ငန်း မဖြစ်စေရ။

ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။ထို့ပြင် ချေးငွေ ရယူထားသည့်ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ အနေဖြင့် ချေးငွေပေးဆပ်မှုပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ် ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေကြေးရေး လုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent